DVB Logo
Home
မြန်မာသတင်း
အထောက်အထားမဲ့ မြန်မာကလေးငယ်များ ထိုင်းကျောင်းအပ်ရန် ခက်ခဲနေ
DVB
·
March 18, 2024
အထောက်အထားမဲ့ မြန်မာကလေးငယ်များ ထိုင်းကျောင်းအပ်ရန် ခက်ခဲနေ
1 / 7
Donate to DVB

ထိုင်းပညာရေးဌာနက အထောက်အထားမဲ့ ရွှေ့ပြောင်းကျောင်းသားတွေကို ထိုင်းအစိုးရ ကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြုဖို့ စာထွက်လာပေမဲ့ မြန်မာကျောင်းသားတွေ ကျောင်းအပ်ဖို့ ခက်ခဲနေဆဲပဲလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ထိုင်းအစိုးကျောင်းတွေကနေ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို ကျောင်းအပ်လက်ခံဖို့ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက စာထုတ်ပြန်ခဲ့တာပါ။

လာမယ့်ပညာသင်နှစ်အတွက် မူလတန်းကျောင်းနေ အရွယ်ကလေးတွေကို စတင်လက်ခံပေးရမှာ ဖြစ်ပေမဲ့ ထိုင်းအစိုးရကျောင်းတွေမှာ သတ်မှတ်ထားတဲ့ ကျောင်းသားအရေအတွက်ထက် ပိုလက်မခံနိုင်တဲ့အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားကလေးတွေက ထိုင်းကျောင်းတွေမှာ တက်နိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ခွဲကဘောင်ကရင်အမျိုးသားအထက်တန်းကျောင်းရဲ့ ကျောင်းအုပ်က ပြောပါတယ်။

“ထိုင်းကျောင်းမှာတော့ သူတို့ သတ်မှတ်ထားပေမဲ့ တချို့မြန်မာပြည်ကသူတွေ ဝင်လျှောက်တာ ရှိတယ်၊ ဒါပေမဲ့ သူတို့ လက်မခံတာ များတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းကျောင်းတွေက ကျောင်းမဖွင့်ခင်ကတည်းက ဝင်ခွင့်လျှောက်ထားတာ  များတဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းလည်း များတဲ့အတွက် ကျနော်တို့ မြန်မာပြည်ထဲက မြန်မာကျောင်းသားတွေက ဝင်လျှောက်လို့ မရဘူး၊ ဝင်လျှောက်လို့ မရတဲ့အတွက်ကြောင့် ဒီ migrant ကျောင်းတွေကို ဝင်လျှောက်ကြာတာ များတယ်။ ဒီ migrant ကျောင်းတွေကလည်း သိတဲ့အတိုင်းပဲ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကလည်း ထိုင်းကျောင်းကို မမီဘူး။ နောက်ပြီးတော့ ထိုင်းကျောင်းထက်လည်း မကြီးဘူး၊ မမီတဲ့အတွက် ဒီ migrant အနေထားက အဲဒီလောက်ပဲ ရှိတယ်။ စာသင်ဆောင်တွေကလည်း မလုံလောက်တဲ့အတွက် ဒီ migrant ကျောင်းတွေကလည်း သူတို့ သတ်မှတ်ထားတဲ့ သူတို့ လူဦးရေစံချိန်စံညွှန်းနဲ့ပဲ စာရင်းတွေကြိုသွင်းရတာပေါ့။”

ကိုဗစ်စည်းကမ်းတွေနဲ့ အာဏာသိမ်းဖြစ်စဉ်တွေကြောင့် ကလေးတွေက ပညာရေး ၃ နှစ်နဲ့ ၄ နှစ်နီးပါး ရပ်နားထားရပါတယ်။ ဘာသာစကားအခက်အခဲအရ ထိုင်းအစိုးရ အထက်တန်းကျောင်းကို မတက်ရောက်နိုင်ပေမဲ့ ထိုင်းနိုင်ငံက တက္ကသိုလ်တက်နိုင်ဖို့အတွက် ရွှေ့ပြောင်းမြန်မာတွေကို ပညာသင်ကြားပေးနေတဲ့ ခွဲကဘောင်အထက်တန်းကျောင်းမှာ တက်ရောက်မယ်လို့ မဲဆောက်ရောက် ကျောင်းသူတယောက် ပြောပါတယ်။

“ထိုင်းကျောင်းမတက်ရတာ အထောက်အထားမရှိတဲ့အတွက်ကြောင့်မလို့ ဒီရွှေ့ပြောင်း migrant ကျောင်းကို တက်တယ်။ ဘာပညာသင်လိုချင်လို့လဲဆိုတော့ ဒီကျောင်းမှာ GED ကို တက်မယ်၊ ပြီးရင် ထိုင်းနိုင်ငံက တက္ကသိုလ်တခုခုမှာ bachelor ဘွဲ့ယူမယ်၊ အဲဒီရည်ရွယ်ချက်နဲ့ migrant ခွဲကဘောင်ကျောင်းမှာ တက်ရခြင်း ဖြစ်ပါတယ်ရှင့်။”

ထိုင်းအစိုးရ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကိုပါ ထိုင်းကျောင်းတက်ရောက်ခွင့် ပြုထားပေမယ့် မိဘတွေကတော့ စိုးရိမ်စိတ်နဲ့အတူ သတင်းအချက်အလက် သိရှိမှုတွေ အားနည်းနေပါတယ်။

“ကျမတို့က ဟိုဘက်နိုင်ငံကနေ စစ်ဘေးတွေဖြစ်ပြီး ဒုက္ခရောက်လာတဲ့အတွက် ကျမတို့ သင့်တော်တဲ့နေရာမှာ ပညာတက်ရမယ်ဆိုပြီး ကလေးတွေအတွက်ကတော့ အဓိက စီမံပေးရမှာ ဖြစ်ပါတယ်၊ အခွင့်အရေးတွေ ရမယ်ဆိုရင်တော့ ထိုင်းကျောင်းမှာ ထားချင်ပါတယ်။”

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ ထပ်မံညွှန်ကြားလာတဲ့စာကြောင့် လာမယ့်ပညာသင်နှစ်မှာ တက်ရောက်မယ့် မြန်မာရွှေ့ပြောင်းကျောင်းသားတွေအတွက် အခွင့်အလမ်းတွေ ပိုမိုကောင်းမွန်လာနိုင်ပြီး မြန်မာကျောင်းသား မိဘတွေအနေနဲ့ကလည်း ထိုင်းအစိုးရကျောင်းတွေကို အပ်နှံဖို့ ကြိုးစားသင့်တယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က အကြံပြုသုံးသပ်ပါတယ်၊

“ပညာရေးသည် အားလုံးအတွက် ဖြစ်ရမယ်ဆိုတဲ့ education for all policy က ၂၀၀၅ ကတည်းက အတည်ပြုထားတာ၊ ဒါပေမဲ့ ပြဿနာက တချို့ထိုင်းကျောင်းတွေမှာရှိတဲ့ တာဝန်ခံတွေ ကိုယ်တိုင်က အစောပိုင်းက မသိတာ ဖြစ်တယ်။ ဆိုတော့ မိဘတွေကို အကြံပြုချင်တာတော့ ဖြစ်နိုင်ရင်တော့ နီးစပ်ရမှာ အဓိက သူတို့ထိုင်းလုပ်ငန်းရှင်တွေကို အကူအညီတောင်းပြီးတော့ သွားပို့သင့်တယ်။ ဒါမှမဟုတ် နီးစပ်ရာပေါ့ သူတို့နေတဲ့ ပြည်နယ် မြို့နယ်က အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တွေဖြစ်ဖြစ် အဲတာတွေနဲ့ ဆက်စပ်ပြီး သူတို့ပို့လို့ရတယ်။ အဓိက ကတော့ ထိုင်းအစိုးရကျောင်းတွေကို ပို့တာ ကျနော်တို့ ကလေးတွေရဲ့  ရေရှည်ပညာရေးအတွက် အကောင်းဆုံးလို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ ဒီလိုအမိန့် ထပ်ထုတ်ပေးတာတာက တရားဝင်ရော၊ တရားမဝင်လက်မှတ်ရှိရှိ မရှိတဲ့သူရော အဲဒီကလေးတွေအတွက်ကတော့ ဒီနှစ်ထဲမှာ ထိုင်းကျောင်းမှာနေဖို့ အခွင့်အရေး အများကြီး ရလာလိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်တယ်။”

လက်ရှိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကျောင်းနေအရွယ် ကလေးပေါင်း လေးသိန်းနဲ့ ငါးသိန်းကြား ရှိနေပြီး ထိုင်းကျောင်းနဲ့ မြန်မာရွှေ့ပြောင်းကျောင်းပေါင်း ၁၀၀ ကျော်မှာ တက်ရောက် ပညာသင်ကြားနေကြတယ်လို့ သိရပါတယ်။

၂၀၂၄- ၂၅ ပညာသင်နှစ်မှာတော့ ကျောင်းတွေမှာ စာရင်းသွင်းထားတဲ့ ကလေးတွေက နှစ်ဆကျော် တက်လာပြီး အသက် ၁၈ နှစ်နဲ့အထက် လူငယ်ကျောင်းသားတွေလည်း တက္ကသိုလ်တွေ တက်ရောက်ဖို့ အများအပြား ရောက်ရှိလာကြတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေဆီကနေ သိရပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013