DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ပြောသည့် အသွင်ကူးပြောင်းရေး
DVB
·
September 6, 2014
ဒေါ်အောင်ဆန်းစုကြည်ပြောသည့် အသွင်ကူးပြောင်းရေး
Donate to DVB

မြန်မာနိုင်ငံအပေါ် စေတနာထားကြတဲ့ မိတ်ဆွေနိုင်ငံတွေဟာ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အကောင်းမြင်လွန်းနေကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

[caption id="attachment_64381" align="alignright" width="300"]ဓာတ်ပုံ - မျိုးရန်နောင်သိမ်း ဓာတ်ပုံ - မျိုးရန်နောင်သိမ်း[/caption]စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မိဆာကာဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ “မြန်မာနိုင်ငံ အသွင်ကူပြောင်းရေးကာလ၏ စိန်ခေါ်မူများ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“အသွင်ကူးပြောင်းရေးကာလဆိုရင် ကျမတို့အပေါ်မှာ စေတနာထားတဲ့ မိတ်ဆွေနိုင်ငံတွေဟာ သိပ်ပြီးအကောင်းဘက်က မြင်ချင်ကြပါတယ်။ ဒါကြောင့် ကျမက စိန်ခေါ်လိုက်တယ်ဆိုတာ အဖြစ်ကို အဖြစ်အတိုင်းမြင်ပြီး အခြေအနေတွေကို တကယ်ကောင်းတဲ့ဘက်ကို ပြောင်းလဲနိုင်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားကြပါဆိုတာ ဒီလိုစိန်ခေါ်မှုကို ပြောချင်ပါတယ်။ ဒါပေမယ့် ဒီဟာက ကျမတို့ တဦးချင်း တဦးချင်းအတွက် စိန်ခေါ်မှုပါ။ ကျမတို့ မိတ်ဆွေနိုင်ငံအတွက် မဟုတ်ဘူး။ ကျမတို့ နိုင်ငံအတွက်၊ ကျမတို့နိုင်ငံအတွက်ဆိုတာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အတွက်၊ ကျမတို့ ပြည်သူပြည်သားတွေဆိုတာ တဦးချင်း တဦးချင်းအတွက်ပဲ။”

တရားဥပဒေစိုးမိုးမှု မရှိဘဲ ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘူးလို့လည်း ပြောသွားပါတယ်။

“တရားဥပဒေ စိုးမိုးရေးရှိဖို့က အဓိက ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ကနေပြီးတော့ ကျမတို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက် နံပတ် ၁ လိုအပ်ချက်က တရားဥပဒေစိုးမိုးရေးပါ။ နံပတ် ၂ ပြည်တွင်းငြိမ်းချမ်းရေးဆိုတော့ တချို့က ဒါကို ကန့်ကွက်ကြတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေပါ။ ဘာဖြစ်လို့ နံပတ် ၂ က ပြည်တွင်းငြိမ်းချမ်းရေးလဲ၊ နံပတ် ၁ က ပြည်တွင်းငြိမ်းချမ်းရေး မဟုတ်ဘူးလားဆိုတော့ ဒါလည်း ကျမ လက်တွေ့ကျကျကြည့်တာပါ။ တကယ်ပြည်တွင်းငြိမ်းချမ်းရေးဟာ ရေရှည်ခံဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု မရှိပဲနဲ့ မရပါဘူး။ ဘယ်လိုပဲ သဘောတူညီချက်တွေ ယူယူ၊ ဘယ်လိုပဲ သဘောတူညီချက်တွေ လက်မှတ်ထိုးထိုး၊ ဘယ်လိုပဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို လက်မှတ်ထိုးထိုး တကယ်တော့ တရားဥပဒေ စိုးမိုးရေး မရှိရင် ဒီသဘောတူညီချက်တွေဟာ ဘယ်လောက်အထိ တည်မြဲမှာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပြီ။ ”

ပြည်သူတွေ တဦးချင်းအနေနဲ့ အသွင်ကူးပြောင်းဖို့ လိုတယ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုသွားပါတယ်။

“အသွင်ကူးပြောင်းရေးမှာ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ ပြည်သူတွေဟာ မိမိတို့ တဦးချင်း တဦးချင်းဟာ ကိုယ့်ဘာသာကိုယ် အသွင်ကူးပြောင်းဖို့ စိတ်ဓာတ်ဖြစ်လာအောင်လို့ ကျမတို့ ပညာပေးတယ်ပဲဖြစ်ဖြစ် စည်းရုံးတယ်ပဲဖြစ်ဖြစ် ဆော်သြတယ်ပဲဖြစ်ဖြစ် အဲဒါလုပ်ဖို့ လိုမယ်ဆိုတာကို ကျမတို့ လက်ခံခဲ့တယ်။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲ လုပ်လုပ် ကျမတို့ ပြည်သူကို ချပြတယ်။ အာဏာရှင်စနစ်အောက်မှာ အကြာကြီးနေခဲ့တဲ့ ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ အာဏာရှင်အနေနဲ့ အကြာကြီး အုပ်စိုးခဲ့တဲ့ ပုဂ္ဂိုလ်များဟာ ပြည်သူတွေကို အထင်သေးတတ်ပါတယ်။ ပြည်သူတွေက နားမလည်လို့ ပြည်သူတွေဟာ ပြားပြားဝပ်နေတဲ့ စိတ်ဓာတ် ရှိလို့ နင်းပြားဟာ နင်းပြားပဲဆိုတဲ့ စိတ်ဓာတ်မျိုးရှိလို့ အာဏာရှင် အစိုးရများဟာ တက်လာနိုင်တာ အကြာကြီး အုပ်ချုပ်နိုင်တာ၊ ဒါကြောင့်မို့လို့ ပြည်သူတွေထဲမှာ အင်အား မရှိဘူးဆိုတဲ့ အဲဒီအမြင်တွေ ရှိတတ်ပါတယ်။ ကျမက ဒီဟာကို တုံ့ပြန်တဲ့နေရာမှာဆိုရင် ချက်နိုင်ငံက ကျမတို့အများကြီးလေးစားခဲ့တဲ့ ဗာစကာ ဟာဗယ်လ် Václav Havel ပြောခဲ့ဖူးတဲ့ The Power of the Powerless “အာဏာမရှိတဲ့ သူများရဲ့ အင်အား”ပေါ့။ အဲဒီလိုမျိုး ခဏခဏ သုံးခဲ့ပါတယ်။ ဒီအင်အားဟာ ရှိတယ်လို့ ကျမတို့ ယုံကြည်ခဲ့ပါတယ်။”

ဒါတွေကတော့ ရန်ကုန်က အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက တချို့ကို ကောက်နုတ် တင်ဆက်ပေးခဲ့တာပါ။

အလုပ်ရုံ ဆွေးနွေးပွဲကို ဗေဒါအင်စတီကျုနှင့် ဂျာမနီနိုင်ငံအခြေစိုက် ပညာရေးအထူးပြု အဖွဲ့အစည်း တခုဖြစ်သည့် Konrad-Adennuer-Stiftung တို့ ပူးပေါင်း ကျင်းပနေတာဖြစ်ပြီး စက်တင်ဘာ ၅ နဲ့ ၆ ၂ရက် ပြုလုပ်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013