DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဖရဲသီးကားနှင့် ဘိလပ်မြေနယ်ကားမှ စိတ်ကြွဆေး ၁၆ သန်းကျော် ဖမ်းမိ
DVB
·
March 18, 2024
ထိုင်းတွင် ဖရဲသီးကားနှင့် ဘိလပ်မြေနယ်ကားမှ စိတ်ကြွဆေး ၁၆ သန်းကျော် ဖမ်းမိ
Donate to DVB

မူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံနဲ့ ဝင်ရောက်နေရာမှာ မတ် ၁၆ နဲ့ ၁၇ ရက်နေ့တွေက ဖရဲသီးတင်ကားနဲ့ ဘိလပ်မြေနယ်တဲ့ ကားတွေထဲကနေ စိတ်ကြွဆေးပြား ၁၆ သန်းကျော်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း ဗိစနုလုတ်ခရိုင် ဝပ်ဘိုမြို့နယ်ထဲမှာ မတ် ၁၆ ရက် ညနေ ၅ နာရီလောက်က ဖရဲသီးတင်တဲ့ကားတစီးပေါ်ကနေ စိတ်ကြွဆေးပြားပေါင်း ၆,၂၀၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ဝပ်ဘိုနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ အဝေးပြေးလမ်းမပေါ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် ထိုင်းမြောက်ပိုင်းဘက်ကနေ ဖရဲသီးတွေ တင်လာတဲ့ ကားတစီးကိုပါ မသင်္ကာလို့ ရှာဖွေစစ်ဆေးရာမှာ ဖရဲသီးတွေအောက်က ပလတ်စတစ်အိတ်မည်းတွေနဲ့ ထုပ်ထားတဲ့ အိတ်တွေ တွေ့ရှိကြောင်း၊ အဆိုပါ အိတ်ထဲမှာတော့ စိတ်ကြွဆေးပြား စုစုပေါင်း ၆,၂၀၀,၀၀၀ ကို ဖမ်းမိတာလို့  တာဝန်ကျ ရဲဝန်ထမ်းက သတင်းထောက်ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလူမျိုး ယာဉ်မောင်းသမားနဲ့ ဘေးကထိုင်လာသူတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်၊ သူတို့နှစ်ဦးကလည်း အဲဒီမူးယစ်ဆေးတွေကို ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်ကနေ သယ်ဆောင်လာတယ်လို့ ဝန်ခံသွားပါတယ်။

ဒါ့အပြင် ချင်းရိုင်းနံပါတ်ပြားတပ် ကားတစီးဟာလည်း မြောက်ပိုင်းကနေ အလယ်ပိုင်းထိ လမ်းပြအနေနဲ့ ရှေ့ပြေးမောင်းနှင်ခဲ့တာကြောင့် အဆိုပါကားပေါ်က လူနှစ်ဦးကို ဖမ်းဆီးဖို့ လိုက်လံစုံစမ်းရှာဖွေနေဆဲပဲလို့ တာဝန်ရှိသူက ပြောပါတယ်။

မတ် ၁၇ ရက်ကလည်း ထိုင်းအလယ်ပိုင်း လုပ်ပူရီခရိုင် ဖရဖုတ်ထဘတ် မြို့နယ်ထဲမှာ စိတ်ကြွဆေး ၁၀ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ မူးယစ်ဆေးဝါး အချီကြီးဝင်ရောက်ဖို့ ရှိတယ်လို့ ကြိုတင် သတင်းရထားချက် အရ အမှတ် ၁ ခရိုင်မူးယစ်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့ဟာ ယာဉ်အသွားအလာတွေ အကုန်စစ်ဆေးခဲ့သလို ဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ မဆလာနယ်အိုးပါ ကားတစီးကိုလည်း စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ အိုးကြီးထဲမှာ အမည်းရောင်အိတ်ပေါင်း ၅၀ ရှိနေပြီး စိတ်ကြွဆေးပြား စုစုပေါင်း ၁၀ သန်းကိုလည်း ဖမ်းမိခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အသက် ၂၈ နှစ်အရွယ် ကားမောင်းသမားနဲ့ အသက် ၃၀ အရွယ် အစ်ကိုဖြစ်သူကိုပါ ဖမ်းဆီးထားပါတယ်။

သူတို့နှစ်ဦးဟာလည်း အဆိုပါပစ္စည်းတွေကို ထိုင်းမြောက်ပိုင်း ချင်းမိုင်မှ သယ်ဆောင်လာကြောင်း ဝန်ခံသွားပါတယ်။

Source - Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013