ဆွီဒင်ကမ်းခြေစောင့်တပ်က ရုရှား ရေနံတင်သင်္ဘော တစင်းကို ဘောလ်တစ်ပင်လယ်မှာ ဖမ်းဆီးခဲ့တယ်လို့ မေ ၃ ရက်မှာ ပြောပါတယ်။
ဆွီဒင်ကမ်းခြေစောင့်တပ်နဲ့ ရဲတပ်ဖွဲ့က ထရယ်လီဘော့ဂ်မြို့ တောင်ဘက်က ဆွီဒင်ရေပိုင်နက်က ဆီးရီးယားအလံ လွှင့်ထူထားတဲ့ ကျင်းဟွေသင်္ဘောကို စီးနင်းခဲ့ပြီး ပင်လယ်ရေကြောင်းသွားလာဖို့ သတ်မှတ်ချက်နဲ့ မညီတဲ့အတွက် ကနဦးစုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တယ်လို့ ဆွီဒင်ကမ်းခြေစောင့်တပ်က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
သင်္ဘောက အလံအတုနဲ့ ခုတ်မောင်းနေတယ်လို့ ကမ်းခြေစောင့်တပ်က သံသယရှိတယ်၊ အလံအဆင့်အတန်းနဲ့ ပတ်သက်တဲ့ မူမမှန်မှုတွေ အများကြီးရှိလို့ နိုင်ငံတကာစည်းမျဉ်းတွေနဲ့ သဘောတူညီချက်တွေမှာ ဖော်ပြထားတဲ့အတိုင်း ပင်လယ်ရေကြောင်းသွားလာမှုအတွက် တောင်းဆိုချက်တွေကို မပြည့်မီဘူးလို့ ကြေညာချက်မှာဖော်ပြပါတယ်။
ဦးတည်ရာကို ရှင်းရှင်းလင်းလင်းမသိရဘဲ ကုန်ပစ္စည်းမတင်ဆောင်ထားဘူးလို့ ယူဆရတဲ့ သင်္ဘောဟာ ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့ရဲ့ ပိတ်ဆို့မှုစာရင်းတွေ အပါအဝင် ပိတ်ဆို့မှုစာရင်း အတော်များများမှာ ပါနေတယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
သင်္ဘောဟာ ရုရှားရဲ့ အရိပ်ရေယာဉ်စုလို့ သံသယရှိခံရတဲ့ သင်္ဘောအုပ်စုထဲမှာပါတယ်လို့ ဆွီဒင် အရပ်ဘက်ကာကွယ်ရေးဝန်ကြီး ကားလ် အော်စကာ ဘိုလင်က X မှာ သီးခြားစီပြောပါတယ်။
မကြာသေးမီလတွေအတွင်း နိုင်ငံရဲ့အာဏာပိုင်တွေက ဆောင်ရွက်ခဲ့တဲ့ အလားတူလုပ်ရပ်တွေထဲက နောက်ဆုံးလုပ်ရပ် ဖြစ်ပါတယ်။
ယူကရိန်းကို ၄ နှစ်ကြာ စစ်ပွဲအတွက် ရန်ပုံငွေထောက်ပံ့ဖို့ ရုရှားအစိုးရက သုံးခဲ့တဲ့ အရိပ်ရေယာဉ်စုလို့ ခေါ်တဲ့ ရေနံတင်သင်္ဘောအုပ်စုကို နှောင့်ယှက်ဖို့ ဥရောပနိုင်ငံတွေက ပိုတိုးပြီး ကြိုးပမ်းနေပါတယ်။
ရုရှားက ဒီလိုလုပ်ရပ်တွေကို ရန်လိုတယ်လို့ ပြောဆိုရှုတ်ချခဲ့ပါတယ်။ ဒီနှစ်အထိ ဆွီဒင်နိုင်ငံဟာ ရေနံယိုဖိတ်မှုနဲ့ အလံတု လွှင့်ထားတာ အပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ သံသယရှိတဲ့ သင်္ဘော ၅ စင်းကို ရပ်တန့်ခဲ့ပြီး သင်္ဘောသားတချို့ကို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။
Source: Reuters










