DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ဖမ်းသွားသည့် မုံရွာ ဒေသခံ ၆၀ ကျော် အဆက်သွယ်မရ၊ စစ်ရှောင်များ အကူအညီလိုအပ်
DVB
·
March 16, 2024
စစ်တပ်က ဖမ်းသွားသည့် မုံရွာ ဒေသခံ ၆၀ ကျော် အဆက်သွယ်မရ၊ စစ်ရှောင်များ အကူအညီလိုအပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်တပ်က မတ် ၁၄ ရက်နေ့မှာ မီးရှို့ခဲ့ပြီး ဖမ်းဆီးသွားတဲ့ ဒေသခံ ၆၀ ကျော်နဲ့ ဒီနေ့ မတ် ၁၆ ရက်အထိ အဆက်အသွယ်မရသေးသလို စစ်ရှောင်ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သက္ကယ်ကျင်းရွာကို စစ်တပ်က ကား ၃ စီးနဲ့ဝင်လာပြီး နေအိမ်တွေအတွင်းက ပြည်သူတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

သက္ကယ်ကျင်းရွာက စစ်ရှောင်တယောက်က “တွေ့သမျှလူ အကုန်ခေါ်တင်တာ။ သူတို့ အလွတ်ပေးတာဆိုလို့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးကြီးတွေပဲ လွတ်ပေးတာ။ ကလေးအမေတောင် မလွတ်ဘူး။ ၅ လသားအရွယ် နို့စို့ကလေးမိခင်ကိုတောင် ခေါ်သွားတာ။ ကလေးကို လမ်းဘေး ဒီတိုင်းချထားခဲ့တယ်” လို့ ပြောပါတယ်။

မိခင်ဖမ်းဆီးခံလိုက်ရတာကြောင့် ကျန်ခဲ့တဲ့ ၅ လသားအရွယ် ကလေးကို တခြားနို့တိုက်မိခင်တွေက တလှည့်စီ နို့တိုက်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ရုတ်တရက်ဝင်လာပြီး မီးရှို့တာကြောင့် စားနပ်ရိက္ခာသယ်ချိန်မရသလို အသက်လုထွက်ပြေးလာရတဲ့အပြင် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေပါတာ​ကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူညီတွေ အဓိကလိုအပ်နေတယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။

“စစ်သားတွေက ရုတ်တရက်ကြီးဝင်လာတော့ ကျနော်တို့မှာ ဆိုင်ကယ်ပေါ်တက်ခွချိန်မပြောနဲ့ ဖိနပ်​တောင် မပါလာပါဘူးဗျာ။ ခုလောလောဆယ်တော့ အဆင်ပြေသလိုစားနေပါတယ်။ သက်ကြီးရွယ်အိုတွေရော၊ ကလေးဘုစုခရုတွေရောဆိုတော့ စားနပ်ရိက္ခာ အဓိကလိုနေတာပါ။ ဘေးရွာတွေကလည်း မပြေလည်ကြတော့ ချက်ချင်းကူညီဖို့မဖြစ်နိုင်သေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က သက္ကယ်ကျင်းရွာကို မီးရှို့တာကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသလို အသက် ၉၀ အရွယ် အဖွားအိုတယောက် မီးလောင်သေဆုံးပြီး အသက် ၅၀ အရွယ်အမျိုးသမီး ၂ ယောက်ကိုတော့ စစ်တပ်က ပစ်သတ်ပြီး အိမ်သာထဲမှာမီးရှို့ခဲ့ပြီး​နောက် အမျိုးသားတယောက်ကိုလည်း လမ်းမပေါ်မှာ ပစ်သတ်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013