DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ပဲတီစိမ်း အထွက်နှုန်းလျော့ပြီး တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရ 
DVB
·
March 15, 2024
ဧရာဝတီတိုင်းတွင် ပဲတီစိမ်း အထွက်နှုန်းလျော့ပြီး တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရ 
1 / 4
Donate to DVB

ဧရာဝတီတိုင်းမှာ အခုနှစ်ပဲတီစိမ်းစိုက်ပျိုးတဲ့ရာသီမှာ အထွက်နှုန်း သိသိသာသာလျော့ကျနေလို့ ပဲစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။ 

ဧရာဝတီတိုင်းမှာ လက်ရှိပဲရိတ်သိမ်းနေတဲ့အချိန် ပဲတီစိမ်း စိုက်ခင်း ၁ ဧကကို ၅ တင်းမှ ၇ တင်းအထိသာ ထွက်တော့တာကြောင့် စိုက်ပျိုးတဲ့ကျစရိတ် မရတဲ့အပြင် အရှုံးနဲ့ပါကြုံနေရတာလို့ မအူပင်မြို့နယ်က ဒေသခံတောင်သူတဦးက ပြောပါတယ်။ 

"ပဲတီစိမ်းတဧကအတွက် စိုက်ပျိုးစရိတ်အနေနဲ့ ငွေကျပ် ငါးသိန်းနဲ့ အထက်ကုန်ကျစရိတ်ရှိတယ်။ ဒီတော့ အခုဈေးနဲ့ ဆိုရင် တဧက ၁၅ တင်း ဒါမှမဟုတ် ၁၃ တင်း ကျော်ကျော်လောက်ထွက်မှ အရင်းပဲရတယ်။ အဲ့ဒါ အခုဈေးကောင်းလို့ ရတာ၊ ဒါပေမဲ့ တဧကကို ငါးတင်းပဲထွက်တဲ့ လယ်ရှိတယ်။ ဒါ့ကြောင့် အခု ရှုံးနေပြီ။ ဒီနှစ်အရှုံး အရမ်းများနေပါတယ်။''

ဧရာဝတီတိုင်းမှာ အခုနှစ် ပဲတီစိမ်းစိုက်ခင်းတွေ အများစု အဝါရောင်မှိုစေ့ရောဂါကျပြီး အခင်းလိုက် ပျက်စီးတာ၊ အစားထိုးပြန်စိုက်ဖို့ ငွေကြေးမတတ်နိုင်တာ၊ ပဲပင်တွေ ပေါက်ပြီးမှ အပင်တွေ သေကုန်တာ၊ စိုက်ပျိုးရေးသွင်းအားစုဈေးတွေ ကြီးမြင့်လို့ အပြည့်အဝ မသုံးစွဲနိုင်တာကြောင့် ပဲတီစိမ်းအထွက်နှုန်း သိသိသာသာ လျော့ကျသွားတာလို့ သိရပါတယ်။ 

ဒါ့အပြင် အခုနှစ် လယ်ယာ  အလုပ်သမားငှားရမ်းခနှုန်းထားတွေကလည်း အရင်နှစ်ကထက် ပိုပြိးမြင့်တက်လာတာကြောင့် တောင်သူတွေအတွက် အရှုံးကြီးတဲ့နှစ် ဖြစ်တယ်လို့ သိရပါတယ်။ 

“ဒီနှစ်အတော်လေးရှုံးတယ်၊ တဧကကို သုံးသိန်းရှုံးပါတယ်။ ဘယ်လွယ်မလည် ဆယ်ဧကရှိတဲ့သူက သိန်း ၃၀ လောက်ရှုံးနေပြီ။ အခုနှစ် အလုပ်သမားခကတွေကလည်း အရင်ထက် တော်တော်တက်လာတယ်။ အခုနှစ် ပိုးသတ်ဆေးဈေးတွေကလည်းကြီးတော့ လူတိုင်း ဆေးတအား မသုံးနိုင်ကြဘူး။ အရင်နှစ်ထက်တော် တော်ရှုံးနေတယ်” လို့ ကျိုက်လတ် တောင်သူတဦးက ပြောပါတယ်။ 

အခုပဲစိုက်ပျိုးရာသီမှာ စိုက်ခင်းတဧကအတွက်ကုန်ကျ စရိတ်အနေနဲ့ စက်မောင်းခငွေကျပ် ၁၁၀,၀၀၀၊ ပဲမျိုးစေ့ဖိုး ငွေကျပ် ၁၇၀,၀၀၀၊ သွင်းအားစုကုန်ကျစရိတ်ဖိုး ငွေကျပ် ၉၀,၀၀၀၊ ရေတင်ခဖိုးငွေကျပ် ၁၃၀,၀၀၀၊ ပဲနုတ်ခဖိုးငွေကျပ် ၇၅,၀၀၀၊ ပဲစက်ချွေခ ငွေကျပ် ၇၀,၀၀၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013