DVB Logo
Home
မြန်မာသတင်း
မြို့နယ်ပေါင်း  ၈၀ ကို စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထား
DVB
·
March 14, 2024
မြို့နယ်ပေါင်း  ၈၀ ကို စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထား
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးနဲ့ သတင်းတွေကို အဆက်ပြတ်အောင် ကြိုးစားတဲ့အနေနဲ့ စစ်ကောင်စီဟာ  အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၈၀ ရှိလာပြီလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အသံအဖွဲ့ရဲ့  အချက်အလက်တွေအရ သိရပါတယ်။

မြန်မာပြည် နေရာအနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီက ဖြတ်လေး ဖြတ်ဗျူဟာကို ကျင့်သုံးပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို  တိုက်ခိုက်ဖို့  ကြိုးစားနေပါတယ်။

တချို့ဒေသတွေကိုတော့ အာဏာသိမ်းပြီး မကြာခင်ကတည်းက အင်တာနက် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားခဲ့ပြီး စစ်ကိုင်းတိုင်းထဲက ကောလင်းနဲ့ ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ရခိုင် စတဲ့နေရာက မြို့နယ်တွေကတော့ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ ခုနှစ် နှစ်အစပိုင်းမှ စတင်ဖြတ်တောက်ခံခဲ့ရတယ်လို့ အသံအဖွဲ့ရဲ့ ဒါရိုက်တာ Zee Pe က ပြောပါတယ်။

“ကျမတို့ မှတ်တမ်းတင်ထားသလောက်ဆိုရင် ၂၀၂၄ ဖေဖော်ဝါရီလအထိကို မြို့နယ်ပေါင်း ၈၀ နီးပါး အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။ ဒီနှစ်ထဲမှာ သိသိသာသာ တိုးလာတာဆိုရင် ရခိုင်က မြို့နယ်တွေ တော်တော်များများ တိုးလာတယ်၊ ကချင်ကလည်း တိုးလာတယ်၊ မနှစ်က ၂၀၂၃ အထိဆို အင်တာနက် ဖြတ်တောက်ခံထားရတာ ၆၀ ကျော်ပဲ ကျမတို့ စုဆောင်းတွေ့ရှိရတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ ၈၀ ထိကို ပိုပြီး သိသိသာသာ တိုးလာတာရှိတယ်။ မနှစ်ကထိ သိသိသာသာ ဖြတ်တောက်ခံထားရတာ စစ်ကိုင်း ၂၇ မြို့နယ်၊ ချင်းပြည်နယ်၊ ကရင်နီ ပြီးတော့ မကွေး အဲဒီနေရာတွေ ဖြတ်တောက်ခံထားရတယ်ပေါ့။ ဒီနှစ်မှာတော့ ရခိုင်ဒေသတွေ ကချင်ဒေသတွေ တိုးလာတာတွေ ရှိပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်က မြောက်ဦး၊ မောင်တော၊ မင်းပြား စတဲ့ မြောက်ပိုင်းမြို့နယ်တွေအပြင် မြို့တော် စစ်တွေကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်ကစလို့ ဖုန်းလိုင်းသာမကဘဲ ဖုန်း၊ အင်တာနက်နဲ့ ဖိုင်ဘာ Wifi အင်တာနက်တွေပါ ဖြတ်တောက်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည် မြောက်ပိုင်းဒေသတွေမှာဆိုလည်း အခုချိန်ထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရဆဲ ဖြစ်ပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ ဒေသတွင်း သတင်းစီးဆင်းမှု ရပ်တန့်နေပြီး ပြည်သူတွေရဲ့ အရေးပေါ်ကိစ္စရပ်တွေအတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးဒေသခံတဦးက ပြောပါတယ်။

“လားရှိုးဆိုရင် လားရှိုးရဲ့ မြို့အပြင်ဘက်လောက်ဆိုရင် ဖုန်းလိုင်းတွေ မရတော့တဲ့ အခြေအနေတွေ အာ့လိုမျိုးတွေ ကြုံနေရတယ်။ တခြား သိန္နီတို့ ကွတ်ခိုင်တို့ ပြီးရင် နမ္မတူတို့ ဘက်မှာဆိုရင် ဖုန်းလိုင်းတွေ မရဘူးပေါ့၊ တော်တော်ကို မရတာ။ သိမ်းဆည်းထားတဲ့ မြို့တွေဆိုရင် ဖုန်းလိုင်းရော အင်တာနက်လိုင်းရော မရဘူးပေါ့ အဲလိုဖြစ်နေတယ်။ အဆက်အသွယ်တွေက လုံးဝပြတ်တောက်နေတယ်။ အရေးပေါ်အခြေအနေမှာ ဆိုရင်တော့ ကားဆရာတွေ စာပေးစာယူစနစ်နဲ့ လုပ်နေရတယ်။ ဒါကလည်း နောက်ပိုင်း လုံခြုံရေးအရ နည်းနည်းစိတ်ပူရတယ်။ အရေးကြီးတဲ့ စာမျိုးတွေတော့ ထည့်လို့မရဘူးပေါ့။”

၂ နှစ်ကျော်ကြာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေခဲ့ပြီး မကြာသေးခင်အချိန်ကမှ မင်းတပ်မြို့ပေါ်မှာ ဖုန်းလိုင်းတွေ ပြန်ရခဲ့ပေမဲ့ ကျေးရွာတွေဘက်ကတော့ ဖြတ်တောက်ခံထားရဆဲပဲလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောပါတယ်။

“မင်းတပ်မှာတော့ အင်တာနက်ဖြတ်ထားတာ ၂ နှစ်ကျော်ပြီဗျ။ ဖုန်းလိုင်းရတာ သိပ်မကြာသေးဘူး။ ဒီကြားထဲလည်း ဖြတ်ထားသေးတယ်။ ဖုန်းလိုင်းက အခုပြန်ရတယ် ဆိုတာလည်း မင်းတပ်မြို့ပေါ်က တိုင်တွေပဲ ရတာဆိုတော့ မြို့ဝန်းကျင်လောက်ပဲ နည်းနည်းပဲ ဖုန်းလိုင်းရတယ်ပေါ့။ တခြားနယ် ကျေးရွာဘက်တွေကတော့ ဖုန်းလိုင်းရော အင်တာနက်ရော မရဘူးဗျ။ ကျန်းမာရေး စီးပွားရေး လူမှုရေးက အစ ပြောဆိုချိတ်ဆက်စရာ၊ မေးမြန်းသွားလာစရာ၊ သတင်းအချက်အလက် စုံစမ်းစရာ၊ ကုန်ဈေးနှုန်းက အစ အများကြီး အခက်အခဲတွေရှိတယ်။”

အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ဘဏ်လုပ်ငန်းတွေ အပါအဝင် အင်တာနက်နဲ့ လုပ်ကိုင်နေရတဲ့ ငွေလွှဲလုပ်ငန်းတွေ၊ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းတွေပါ ရပ်တန့်လုနီးပါး အခြေအနေ ရောက်ရှိနေပြီလို့ အသံအဖွဲ့က ဆိုပါတယ်။

တနိုင်ငံလုံး အနေအထားအရ အင်တာနက်နဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံထားရမှု အနေနဲ့ ကချင်မှာ နှစ်မြို့နယ်၊ ကရင်နီမှာ ငါးမြို့နယ်၊ ချင်းမှာ ရှစ်မြို့နယ်၊ စစ်ကိုင်းမှာ ၂၇ မြို့နယ်၊ မကွေးမှာ လေးမြို့နယ်၊ ပဲခူးမှာ နှစ်မြို့နယ်၊ ဧရာဝတီတိုင်းမှာ တမြို့နယ်၊ မွန်မှာ တမြို့နယ်၊ ရခိုင်မှာ ၁၇ မြို့နယ်၊ တနင်္သာရီတိုင်းမှာ လေးမြို့နယ်၊ ရှမ်းပြည်တခုလုံးမှာ ကိုးမြို့နယ်နဲ့ စုစုပေါင်း မြို့နယ် ၈၀ ရှိတာ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013