DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်များ ရေမသန့်ရှင်းမှုနှင့် သောက်သုံးရေပြဿနာ ကြုံတွေ့နေရ
DVB
·
March 14, 2024
ရခိုင်စစ်ရှောင်များ ရေမသန့်ရှင်းမှုနှင့် သောက်သုံးရေပြဿနာ ကြုံတွေ့နေရ
Donate to DVB

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်လာရတဲ့ ဒေသခံတွေဟာ ရေမသန့်ရှင်းမှုအပြင် သောက်သုံးရေပြတ်လပ်မှု၊ သုံးရေအခက်အခဲတွေနဲ့ ရေမလုံလောက်မှု စတဲ့ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တဝန်းလုံးမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရပါတယ်။

သိန်းနဲ့ချီတဲ့ပြည်သူတွေ နေရပ်ကနေ ဘေးလွတ်ရာကို တိမ်းရှောင်လာရတာကြောင့် စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ကျေးရွာတွေမှာ သောက်သုံးရေမလုံလောက်မှု၊ ရေမသန့်ရှင်းမှုတွေအပြင် မိုခါမုန်တိုင်းကြောင့် ဆားငန်ရေတွေ ဝင်ရောက်မှုတွေကိုပါ သန့်ရှင်းရေး မလုပ်နိုင်ခဲ့တာကြောင့် ရေအ‌ရောင်တွေ ပြောင်းသွားတဲ့ကိစ္စတွေနဲ့ပါ ကြုံနေရပြီလို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ ရခိုင် အရပ်ဘက် အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မိုခါမုန်တိုင်းပြီးခါကနေ ရေကန်တွေက အမှိုက်တွေကို သန့်ရှင်း‌ရေးလုပ်တာ၊ ဆားငန်ရေတွေကို ထုတ်တာမျိုး မလုပ်နိုင်ခဲ့ဘူး။ အခု နွေလည်းတက်လာရော စစ်ဘေးရှောင်တွေလည်း ရောက်လာ၊ လူဦးရေကလည်း များသွားတော့ ‌‌ရေအရင်းအမြစ်က အတော်နည်းသွားတယ်။ လက်ရှိမှာ ရေမလုံလောက်မှု၊ ရေရှားပါးမှုတွေကြောင့် ရေကို ဝေစုနဲ့ပဲ ခွဲဝေပြီးတော့ သုံးနေရတယ်။ ဒီထက် ဆက်ပြီး နွေရာသီမှာ ရေရှားလာမယ်ဆို ရေပြဿနာက အကြီးဆုံးပြဿနာ ဖြစ်လာနိုင်တယ်။”

၂၀၂၄ နွေရာသီမှာ အစွန်းရောက်ရာသီဥတုဖြစ်စဉ် အယ်လ်နီညိုကလည်း ရိုက်ခတ်မယ့်အပြင် အပူပြင်းဆုံးနွေရာသီ ဖြစ်လာမယ်လို့ စစ်ကောင်စီဘက်ကရော နိုင်ငံတကာ မိုးလေဝသဌာနတွေဘက်ကပါ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် အယ်လ်နီညို ရိုက်ခတ်မယ့် နွေရာသီအတွက် စစ်ကောင်စီဘက်ကရော AA ဘက်ကပါ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ပြင်ဆင်ထားတာတွေ အခုထိ မရှိသေးပါဘူး။

လက်ရှိ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားတဲ့ မြို့တွေဖြစ်တဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်‌တော်၊ မင်းပြား၊ မြောက်ဦး မြို့တွေမှာ ‌‌‌ရေအရင်းအမြစ်တွေ စတင်နည်းပါးလာနေပြီး ရေရရှိဖို့အတွက် တနေရာကနေ တနေရာကို နာရီနဲ့ချီပြီး ရေကို သွားသယ်နေရတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့မှ ရခိုင်လူငယ်တဦးက “ရခိုင်ပြည်နယ်ဟာ မိုးရောက်တိုင်း မိုးရေချိန်လက်မ ၂၀၀ ကျော်‌လောက် ရွာတယ်။ ဒါပေမဲ့ နွေရာသီဆိုတာနဲ့ ရေက စရှားပြီ။ ရေလှောင်ဆည်တွေ နည်းတာ၊ ‌သောက်သုံးရေကန်တွေက လူဦးရေနဲ့ မမျှတာ၊ ရေခွဲဝေမှု မကောင်းတာတွေကြောင့် ရေပြဿနာက နှစ်တိုင်းလိုလို ကြုံနေရတယ်။ အစိုးရအဆက်ဆက်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ရေပြဿနာကို ရေတိုနည်းလမ်းနဲ့ပဲ ဖြေရှင်းနေတော့ ရေပြဿနာက ရခိုင်ပြည်သူတွေကို နွေ‌ရောက်တိုင်း ဒုက္ခပေးနေဦးမှာပဲ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဖုန်း၊ အင်တာနက် အပါအဝင် ကုန်စည်စီးဆင်းခွင့်၊ ခရီးသွားလာခွင့်နဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီတွေကိုပါ ဖြတ်တောက်ထားတဲ့အပြင် ရေပြဿနာ ကြုံနေရတဲ့ ရွာတွေကိုလည်း ရေအကူအညီ သွား‌ရောက်ပေးတဲ့ အဖွဲ့အစည်းတွေကိုပါ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

“ရေသန့်ရှင်းရေး၊ ရေအရင်းအမြစ်ရရှိရေးတို့အတွက် အကူအညီတွေ အများကြီး လိုအပ်နေတယ်။ မြေပြင်မှာ ရေကန်တွေကလည်း ခန်းသထက် ခန်းလာပြီ။ မသန့်တဲ့ ရေတွေကြောင့် ဝမ်း‌ရောဂါ၊ အရေပြားရောဂါတွေ ဖြစ်လို့ရှိရင်လည်း ‌ဆေးဝါးက ရှိမနေတော့ စစ်ဘေးရှောင်တွေမှာ အသက်ဘေးအန္တရာယ်နဲ့ အတော်နီးလာနိုင်တယ်” လို့ ပုဏ္ဏားကျွန်းမြို့မှ အမျိုးသမီးတဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ ရခိုင် တကျော့ပြန်စစ်ပွဲတွေဟာ ငါးလနီးပါးတာ ကြာမြင့်လာပြီ ဖြစ်တဲ့အပြင် တိုက်ပွဲတွေကြောင့် ဒေသခံတွေ သိန်းနဲ့ချီပြီးတော့ စစ်ဘေးရှောင် နေရပြီးတော့ စစ်ဘေးရှောင်ကူညီရေးနဲ့ လူသားချင်း စာနာထောက်ထားရေးတို့အတွက် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကိုပါ စစ်ကောင်စီက ပိတ်ပင်ထားတဲ့အပြင် ရခိုင်ပြည်တွင်းမှာ အရပ်သားတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

စစ်ပွဲတွေကြောင့် အရင်းအမြစ်တွေ ရှားပါးလာတာ၊ ဆေးဝါးကုသခွင့်၊ ကုန်ဈေးနှုန်း မြင့်မားမှုအပြင် လက်နက်ကြီး လက်နက်ငယ် ပေါက်ကွဲမှု၊ မိုင်းအန္တရာယ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်တဝန်းမှာ အပြစ်မဲ့ အရပ်သား‌သေဆုံးမှုနဲ့ ဒဏ်ရာရရှိသူတွေပါ ပိုတိုးလာနေပါတယ်။

ဓာတ်ပုံ- ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲမြန်ကျေးရွာမှာသောက်ရေကန်အားမြင်တွေ့ရပုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013