DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ပိတ်မိနေသည့် အောင်မြေ ၂  ရွာက ပြည်သူ ၉၀၀ ခန့်ကို ကယ်ထုတ်
DVB
·
March 13, 2024
တိုက်ပွဲကြောင့် ပိတ်မိနေသည့် အောင်မြေ ၂  ရွာက ပြည်သူ ၉၀၀ ခန့်ကို ကယ်ထုတ်
1 / 11
Donate to DVB

စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တပတ်လောက်ကြာ ပိတ်မိနေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ  အောင်မြေ ၂ ကျေးရွာက ပြည်သူ ၉၀၀ လောက်ကို မတ် ၁၃ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်က ကယ်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

မတ် ၇ ရက်နေ့ကတည်းက ကျေးရွာအတွင်းနဲ့ ဘေးပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန်လာပေမယ့် စစ်ကောင်စီတပ်တွေက အောင်မြေ ၂ ကျေးရွာနေပြည်သူတွေကို ရွာအတွင်းက ထွက်ခွင့်မပေးဘဲ ဘုန်းကြီးကျောင်းမှာ စုဝေးနေထိုင်စေခဲ့တာပါ။

ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူ ၉၀၀ နီးပါးအပြင် အောင်မြေ ၁၊ ရွှေညောင်ပင် စတဲ့ ကျေးရွာတွေက ပြည်သူတွေအပါအဝင် ပိတ်မိဒေသခံ ၂၀၀၀ ကျော်ဟာ ဘာသာရေး အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) တို့ရဲ့ အကူအညီနဲ့ လွတ်မြောက်လာပြီလို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

“အောင်မြေ ၁၊ ရွှေညောင်ပင်၊ အောင်မြေ ၂ က ပြည်သူတွေ အားလုံးပြန်ထွက်လာနိုင်ပါပြီ။ သက်ဆိုင်ရာ တိုင်းမှူးတွေနဲ့ အကုန်လုံးကို တင်ပြခဲ့ပြီး တိုင်းမှူးခွင့်ပြုချက်နဲ့ သွားခေါ်ယူတာဖြစ်တယ်။ လူအားလုံး ၂၀၀၀ ကျော်လောက်ရှိတော့ ကားနဲ့ တစ်လှည့်ချင်းစီခေါ်ယူပြီး ဝိုင်းမော်မြို့နယ်မှာ နေရာချထားပေးဖို့ လုပ်နေပါတယ်။”

အောင်မြေ ၁၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင်တကြောမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြားမှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ တရက်ကို ၂ ကြိမ်၊ ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်နေတဲ့အပြင် ခလရ ၅၈ တပ်ရင်းနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် – မပခ ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အောင်မြေ ၂ ဒေသခံပြည်သူတွေဟာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့နေ့ကစပြီး ကျေးရွာအတွင်းကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ်က လူသားဒိုင်း အသုံးပြုပြီးတော့ ကျေးရွာအတွင်းမှာ လုံခြုံရေးတင်းကြပ် ပိတ်ဆို့ထားတာလို့ ဆိုပါတယ်။

တိုက်ပွဲစဖြစ်ချိန်ကစပြီး ရွာအတွက် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းထဲ ပိတ်မိနေစဉ်မှာလည်း အသက် ၈၇နှစ် အရွယ် အဘွားအိုတဦး အသက်ရှူကြပ်ကာ သေဆုံးခဲ့ပါတယ်။

ဘာသာရေခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့တွေက အောင်မြေ ၂ ဒေသခံတွေ လွတ်မြောက်လာဖို့အတွက် ပြည်နယ်ဝန်းကြီးချုပ်အပါ စစ်တပ်နဲ့ ၃ ရက်လောက်အကြာ ညှိနှိုင်းပြောဆိုပြီးနောက် ပြန်လည်လွတ်မြောက်လာတာလို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ အောင်မြေ ၂ ဒေသခံပြည်သူတွေကို ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာဘက် တာဝန်ရှိသူတွေ ပြင်ဆင်ထားတဲ့နေရာမှာ ယာယီတိမ်းရှောင်နေရာချထားပေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013