DVB Logo
Home
မြန်မာသတင်း
ချေးငွေမဆပ်လျှင် ဖမ်းဆီးမည်ဟု ဝါးခယ်မ လယ်သမားများကို အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်  
DVB
·
March 13, 2024
ချေးငွေမဆပ်လျှင် ဖမ်းဆီးမည်ဟု ဝါးခယ်မ လယ်သမားများကို အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်  
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်က တောင်သူတွေကို မတ် ၁၉ ရက် နောက်ဆုံးထားပြီး စိုက်ဘဏ်ချေးငွေ ပြန်ဆပ်ဖို့ မဆပ်ပါက ဖမ်းဆီးမယ်ဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်တောင်းယူနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေက စိုက်ဘဏ်ချေးငွေ အကြွေးကျန် တောင်သူ အယောက် ၁၀၀ ကျော်လောက်ကို ပြီးခဲ့တဲ့ မတ် ၇ ရက်က အစည်းဝေးဆင့်ခေါ် ခဲ့ပြီး ချေးငွေတွေကို လာမယ့် မတ် ၁၉ ရက်နောက်ဆုံးထား ပေးဆပ်ဖို့နဲ့ပြန်မဆက်တဲ့ လယ်သမားတွေကို ဖမ်းဆီးတရားစွဲ အရေးယူ ထောင်ချသွားမယ်ဆိုပြီး ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

''အစည်းအဝေးခေါ် ပြောတာ၊ သတ်မှတ်ရက် ပြန်ဆပ်ဖို့ ပျက်ကွက်ရင် အရေးယူမယ်လို့ တခါတည်း ပြောလိုက်တာ။ ဘယ်လို လုပ်ရမှန်းတောင် မသိဘူး။ ကိုယ့်လက်ထဲမှာ အရန်သင့် ပိုက်ဆံရှိနေလျက်နဲ့ မဆပ်တာ မဟုတ်ပါဘူး။ ကိုဗစ်ဖြစ်လိုက်၊ နိုင်ငံရေး မကောင်းလိုက်၊ စိုက်ပျိုးရေးစရိတ်တွေ အဆမတန် ကုန်လိုက် ဖြစ်နေလို့ ဆပ်ဖို့ငွေကို မစုမိလို့ မဆပ်နိုင်တော့တာ” လို့ ဝါးခယ်မမြို့နယ်က ဒေသခံ တောင်သူတယောက်က ပြောပါတယ်။  

အခု ဒေသခံ တောင်သူတွေကို ဖိအားပေး တောင်းယူနေတဲ့ စိုက်ဘဏ်ချေးငွေ အကြွေးကျန်တွေဟာ ၂၀၁၈-၂၀၁၉ ခုနှစ် က တောင်သူတွေကို NLD ပါတီရဲ့ အရပ်သား အစိုးရလက်ထက် စိုက်ပျိုးရေးဝန်ကြီးဌာနက လယ် ၁ ဧက ငွေကျပ် ၁၅၀,၀၀၀ နှုန်းနဲ့ ထုတ်ချေးထားတဲ့ ချေးငွေဖြစ်တယ်လို့ သိရပါတယ်။

''NLD  အစိုးရ လက်ထက်က အကြွေးကျန်ကို စကစ လက် အောက်ခံတွေက အခု အတင်းတောင်းနေတာ။ အရင် နှစ်တွေက စစ်ကောင်စီ အာဏာမသိမ်းခင်ကဆို ချေးငွေ ထုတ်လိုက် ပြန်ဆပ်လိုက်နဲ့ အဆင်ပြေပြေ လည်ပတ် လုပ်ကိုင်နိုင်ခဲ့တာ။ အခု မဆပ်နိုင်တာက အာဏာသိမ်းခဲ့တဲ့ အကျိုးဆက်ကြောင့်လေ။ ဖမ်းတော့လည်း ဘာတတ်နိုင်မှာလဲ တောင်သူ လယ်သမားတွေက လက်နက်မှမရှိတာ” လို့ ဝါးခယ်မ လယ်သမားတယောက်က ပြောပါတယ်။

ဝါးခယ်မမြို့နယ်က တောင်သူတွေဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဓာတ်မြေဩဇာ ဈေးကြီးမြင့်နေတာ၊ စက်သုံးဆီ ဒီဇယ်နဲ့ ဓာတ်ဆီဈေးကြီးမြင့်တက်နေတာ၊ စပါးအပင် ဖျက်ဆီးတဲ့ ရွှေခရုတွေ ကျရောက်နေတာ စတဲ့အခက်ခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ လယ်သမားအရေးကူညီ ဆောင်ရွက်နေတဲ့သူတွေက ဆိုပါတယ်။

''တောင်သူတွေအတွက် အခက်အခဲအမျိုးစုံ ကြုံနေရတော့ တမျိုးမျိုးတော့ ဆောင်ရွက်ပေးသင့်တယ်လို့ ယူဆတယ်။ ဒီလို အခက်အခက်တွေ ဘက်ပေါင်းစုံ ကြုံနေရတာကို အတင်း ဘဏ်ချေးငွေတွေကို ပြန်တောင်းတာဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်လို့ ယူဆတယ်။ တောင်သူတွေ စပါးတွေ မထွက်တာ၊ စပါးတွေ မိုးမိတာ စက်သုံးဆီနဲ့ ဓာတ်မြေသြဇာ တွေဈေးတက်လို့ ဧကပြည့်မီအောင် မစိုက်နိုင်တာ ရှိတာ၊ ရှိတာလေးနဲ့ စပါးစိုက်လို့ပြီးတဲ့ အခါ ရွှေခရုတွေကျပြီး ကိုက်ဖျက်နေတာတွေ တွေ့မြင်ကြားသိနေရတယ်” လို့ လယ်သမားအရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

အဲဒီ စိုက်ဘဏ်ချေးငွေကို မတ် ၁၉ ရက် နောက်ဆုံးထား ပြန်ဆပ်ဖို့ ဖိအားပေး တောင်းခံရတဲ့ ကျေးရွာတွေဟာ မြဂိုးကြီး ကျေးရွာ၊ မြဂိုးလေး၊ ကြာကွင်း၊ ကျွန်းကြား၊ ငှက်ပျောချောင်း၊ ထန်းလေးပင်နဲ့ ဖိုးခမှီဒေါင့် စတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013