DVB Logo
Home
မြန်မာသတင်း
မင်းပြား၌ အရပ်သား ၃၀ ကျော်ကို  စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ် 
DVB
·
March 13, 2024
မင်းပြား၌ အရပ်သား ၃၀ ကျော်ကို  စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ် 
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်း တိုက်ပွဲတွေမှာ အပြစ်မဲ့ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း‌ဆောင်ရွက်‌ရေးရုံး (HDCO)က မတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ မင်းပြားမြို့ ပေါ် ရပ်ကွက် ၊ မင်းဘာကြီးရပ်ကွက်က ပြည်သူ ၃ ဦး၊ မင်းပြားမြို့နယ် ငတန်ပျင်းကျေးရွာ အုပ်စုက ရွာသား သုံးဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ အယောက် ၃၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ HDCO က ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်နဲ့နီးစပ်သူတဦဂက “မင်းပြားမြို့အထဲမှာ စစ်ကောင်စီဘက်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်။ အခုသိရသလောက် ဒီရက်ပိုင်းထုတ်ပြန်တဲ့ ပြည်သူ ၃၀ကျော်ကို စစ်ကောင်စီဘက်က  သတ်ခဲ့တဲ့ ကိစ္စတွေရှိသလို အမျိုးသမီးတွေကိုလည်း အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့တဲ့ ကိစ္စတွေကို ကြားသိရတယ်။ တခြား စစ်ရာဇဝတ်မှုကျုးလွန်တဲ့ အမှုတွေကိုပါ ကျနော်တို့ ဘက်ကနေ လိုက်စုံစမ်းနေပြီးတော့ ကျူးလွန်ခံရတဲ့သူတွေဆီကလည်း တက်လာတဲ့ အမှုတွေကိုပါ စုံစမ်းနေတာတွေရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပြင် တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာလည်း ပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲချတာ၊ စစ်ရေယာဉ်တွေကနေ အမြောက်နဲ့ပစ်ခတ်တာ၊ ရပ်ရွာတွေကို ဝင်ရောက်ပြီးတော့ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေအပြင် အမျိုးသမီးတွေကို အုပ်စုဖွဲ့ပြီးတော့ မုဒိမ်းကျင့် သတ်ဖြတ်တာ၊ ရပ်ရွာတွေကိုမီးရှို့တာတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရခိုင်ပြည်နယ်တွင်းမှာ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အပေါ် တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်အစိုးရအဖွဲ့ ပြော‌ရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

AA နဲ့ နီးစပ်သူတဦးက “စစ်ကောင်စီဘက်ကနေ တိုက်ပွဲတွေအတွင်းမှာ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ ဘယ်နှယောက်‌ကို သတ်သွားတယ်၊ စစ်ရာဇဝတ်မှု ဘယ်လောက်ကျူးလွန်ခဲ့တယ်ဆိုတာ ကျနော်တို့ဘက်က  တိကျသေချာတဲ့ အချက်အလက်တွေနဲ့ မှတ်တမ်းတင်ပြီးတော့ စုံစမ်းမှုတွေကို လုပ်နေတယ်။ စစ်ကောင်စီတပ်သားတွေကိုယ်တိုင် ဝန်ခံထားတဲ့ အချက်အလက်တွေ ကျနော်တို့ဆီမှာရှိတယ်။ မြေပြင်ကရလာတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူပြီး စစ်ခုံရုံးတင်ပြီးတော့ အပြစ်ပေးသွားဖို့ပါရှိတယ်” လို့  ပြောပါတယ်။

လက်ရှိရခိုင်တိုက်ပွဲအတွင်းမှာ  မင်းပြား၊ ကျောက်တော်၊ ‌မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော၊ ရမ်း‌‌ဗြဲ၊ တောင်ပြိုလက်ဝဲလက်ယာမြို့၊ ပလက်ဝမြို့အပါအဝင် စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေကိုပါ ရက္ခိုင့်တပ်တော် (AA) က  သိမ်းပိုက် ထားပါတယ်။

ရခိုင်ပြည်နယ်ကို လက်လွှတ်ဆုံးရှုံးရမယ့် အ‌ရေးနဲ့ ကြုံတွေ့နေတဲ့ စစ်‌ကောင်စီဟာ ရခိုင်ဒေသတွင်း ပြည်သူတွေကို ပိုမိုတိုက်ခိုက်တာ ဖမ်းဆီးနေပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့တော်စစ်တွေမှာလည်း ဖေဖော်ဝါရီ ၂၉ ရက် မနက် ၈ နာရီမှာ စစ်ကောင်စီ‌‌ရေတပ်သင်္ဘောကနေပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်မှုကြောင့် ပြည်သူ ၁၂ ဦးသေဆုံးခဲ့တဲ့အပြင် ၈၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ရာဇဝတ်မှု ကျုးလွန်သူတွေအနေနဲ့ ကျူးလွန်တဲ့ပြစ်မှုအလျောက် တာဝန်ယူမှု ဝာာဝန်ခံမှု အပြည့်အဝရှိရမှာဖြစ်ပြီး စစ်ရာဇဝတ်မှုကျုးလွန်တဲ့ စစ်ကောင်စီကို ထိရောက်တဲ့ တုံ့ပြန်မှုတွေပြုလုပ်သွားမယ်လို့ မတ် ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ AAရဲ့ ပြော‌‌ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ကြည်းတပ်၊ ရေတပ်နဲ့ လေကြောင်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်‌တွေနဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီ ၁၃ ရက်အထိ ရခိုင်ပြည်နယ်တဝန်း သေဆုံးသူ ၁၁၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၅၇ ဦးထိရှိတယ်လို့ HDCO ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်ဖြစ်နေသလို လူသားချင်းစာနာထောက်ထားရေးနဲ့ အ‌‌ရေးပေါ်ကူညီကယ်ဆယ်ရေးတွေကိုပါ စစ်ကောင်စီဘက်က ပိတ်ပင်ထားတာကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ပိုတိုးလာနိုင်တယ်လို့ ရခိုင်ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ပုံ- မင်းပြားမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသော ပြည်သူများနဲ့ အပျက်အစီးများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013