DVB Logo
Home
မြန်မာသတင်း
မြင်းခြံရှိကျေးရွာများ မီးရှို့ခံရပြီး အရပ်သား ၃ ဦး သေဆုံး၊ စစ်တပ်က ဗုံးကြဲသဖြင့် ဆီဆိုင် တမြို့လုံးနီးပါး ပျက်စီး
DVB
·
March 13, 2024
မြင်းခြံရှိကျေးရွာများ မီးရှို့ခံရပြီး အရပ်သား ၃ ဦး သေဆုံး၊ စစ်တပ်က ဗုံးကြဲသဖြင့် ဆီဆိုင် တမြို့လုံးနီးပါး ပျက်စီး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ကျေးရွာတွေကို အင်အား ၅၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဆက်တိုက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၁ ရက် ညမှာ မြင်းခြံမြို့နယ်၊ မန်ကျည်းစုရွာကို စတင်မီးရှို့ခဲ့ပြီး မတ် ၁၂ ရက် မနက်မှာ သင်ပြွန်းကျေးရွာနဲ့ ညနေမှာ ကံဆွယ်ကျေးရွာကို မီးရှို့ခဲ့ကာ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၃ ရက် မနက်မှာတော့ ဆိတ်ကုန်းကျေးရွာနဲ့ ပျိုးကန်ကျေးရွာကို ဆက်လက် မီးရှို့နေတယ်လို့ ဆိုပါတယ်။

မီးရှို့ခံရမှုကြောင့် သင်ပြွန်းရွာနဲ့ ပျိုးကန်ရွာက အဘွားနှစ်ဦး မီးလောင်သေဆုံးခဲ့ပြီး အသက် ၇၀ အရွယ် သင်ပြွန်းရွာသား ဦးစိုးတင့်ကိုတော့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်ခံတဦးက “၁၂ ရက် မနက်ခင်းပိုင်းက သင်ပြွန်ကျေးရွာ မီးတင်ခံရတယ်ရှင့်။ ညနေပိုင်းကိုတော့ ဆိတ်ကုန်ကျေးရွာ မီးထပ်ရှို့တယ်။ စစ်ကြောင်း နောက်တကြောင်း (--)ကြောင်းက ထိန်ပန်းကျေးရွာက ညပိုင်း ၃ နာရီကျော်လောက်က ထွက်သွားတယ်လို့ သိရပါတယ်။ အဲဒီ (--) ကြောင်းက မီပေါက်ကျေးရွာ ရောက်နေပါတယ်။ မီးကတော့ ဆက်ရှို့နေတုန်းပါပဲ” လို့ ပြောပါတယ်။

စစ်ကြောင်းထိုး မီးရှို့နေမှုကြောင့် မီးရှို့ခံခဲ့ရတဲ့ ကျေးရွာ ၄ ရွာနဲ့ အနီးဝန်းကျင် ကျေးရွာ ၃ ရွာက ပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင် လက်နက်ကြီးတွေနဲ့ပါ နေ့တိုင်းပစ်ခတ်နေတဲ့အတွက် တမြို့လုံးနီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်ခံရတာအပြင် ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချခံရတာတွေကြောင့် မြို့ပေါ်ရပ်ကွက်ခြောက်ခုနဲ့ အနီးရှိကျေးရွာက နေအိမ်ပေါင်း ၄၀၀ ကျော် ပျက်စီးသွားပြီး မြို့မဈေး၊ အစိုးရဌာနဆိုင်ရာရုံး၊ မြို့နယ်ဆေးရုံတွေ အားလုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ မြေပြင်မှာ ကျန်ရှိနေတဲ့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့ကို အသွားအပြန်လုပ်နေတဲ့ အမျိုးသားတဦးက “ဈေးဆိုရင် တခုလုံး လောင်သွားတာပေါ့။ မြို့ထဲက အိမ်တွေ ဆိုင်တွေ အစိုးရရုံးတွေများတဲ့ ဟိုခဲရပ်ကွက် ရဲစခန်းနဲ့ အိမ်တွေတော်တော်များများ အကုန်မီးလောင်သွားတယ်။ လက်နက်ကြီးထိလို့ ပျက်တဲ့အိမ်တွေလည်း အများကြီး၊ မီးလောင်ပြင်ကြီးလိုပဲ” လို့ ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်နဲ့ စစ်ကောင်စီတပ်တို့ မတ် ၁၂ ရက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၄၊ ၄၂၃ တပ်ရင်းတွေနဲ့ PNA စစ်သားတွေက ဆိုက်ခေါင် စံပြကျေးရွာမှာ တပ်စွဲထားပြီး ဆီဆိုင်မြို့ကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ PNLA ပြောခွင့်ရ ခွန်ရိန်းယံက ဆိုပါတယ်။

ဆီဆိုင်မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာတွေထဲမှာတော့ PNLA တပ်တွေက တပ်စွဲထားပါတယ်။ မြို့ပေါ်အပြင် နီးစပ်တဲ့ ကျေးရွာတွေမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အတွက် ထွက်မပြေးဘဲနေတဲ့သူတွေ ဗုံးထိမှန်လို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013