DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် တိုက်ပွဲဖြစ်၊ ကျောက်လှေခါးစခန်း တိုက်ခိုက်ခံရ၊ လက်နက်ကြီးကြောင့် ကလေး ဒေသခံ ၁ ဦး သေဆုံး 
DVB
·
March 13, 2024
မြစ်ကြီးနားတွင် တိုက်ပွဲဖြစ်၊ ကျောက်လှေခါးစခန်း တိုက်ခိုက်ခံရ၊ လက်နက်ကြီးကြောင့် ကလေး ဒေသခံ ၁ ဦး သေဆုံး 
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အကြဲကျေးရွာမှာ မတ် ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “မနက် ၁၀ နာရီခွဲလောက်က တိုက်ပွဲစဖြစ်တာ။ စစ်တပ်က အကြဲထဲမှာ နေရာယူထားတယ်။ အဲဒါ KIA ဝင်လာလို့ ထိတွေ့တိုက်ပွဲဖြစ်တာ။ နာရီဝက်လောက်ပဲ ကြာတယ်။ KIA က တပ်ဖျောက်သွားတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တာလည်း အချက်ရေမနည်းဘူး” လို့ ပြောပါတယ်။

အကြဲကျေးရွာဟာ မြစ်ကြီးနား မိုးကောင်းကားလမ်းပေါ် မြစ်ကြီးနားမြို့ အမှတ် (၅၀၃) လေတပ်စခန်းအနီးတည်ရှိပြီး လူဦးရေ ၂၃၀၀ ကျော် နေထိုင်ကြပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရွာသားတွေနဲ့ နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးသလို  သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ထုတ်ပြန်တာမရှိသေးပါဘူး။

အကြဲကျေးရွာအနီးက အမှတ် (၅၀၃) နမ့်ပေါင်လေတပ်စခန်းကို KIA တပ်တွေက မတ် ၇ ရက်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပြီးနောက် မြစ်ကြီးနားမြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ် ဖြစ်ပေါ်နေပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးအထိုင် စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၁ ရက် နေ့လယ် ၁ နာရီက ကျောက်လှေခါး စစ်ဆေးရေးအထိုင်စခန်းကို ၆၀ မမ၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး ထိမှန်ခဲ့ပြီး ၂ ဦးကတော့ ဆေးရုံသွားရင်း လမ်းမှာ သေဆုံးသွားတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်အောင်းက ပြောပါတယ်။

“ကျနော်တို့ ဂိတ်စခန်းထဲ တိတိကျကျ ပစ်နိုင်ခဲ့တာ။ ဒဏ်ရာအထိအခိုက် များတယ်၊ ၃ ယောက်ကတော့ အရေးပေါ်ဖြစ်လို့ အားချင်း ပခုက္ကူဆေးရုံ သွားပို့တာ၊ ၂ ယောက်ကတော့ ကားပေါ်တင်တင်ချင်း ဆုံးသွားလို့ ရင်ခွဲရုံကို အလောင်း ၂ လောင်း ရောက်တယ်။” 

ကျောက်လှေခါး စစ်ဆေးရေးအထိုင်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တင်သားအုပ်စုထဲက ရှားတောရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ‌တင်သားရွာခံတွေက ပြောပါတယ်။

မတ် ၁၀ ရက်က မှန်တောရွာဘက်ကနေ အောင်မင်္ဂလာရွာဘက်ကို စစ်ကြောင်းထွက်ခဲ့တဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က အနီးအနားက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မြစ်သာမြစ်အရှေ့ဘက်ကမ်းက ရှားတောရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၂ နှစ်အရွယ် မနုနုထွေး နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၂၀ အရွယ် မခိုင်နှင်း‌ဝေဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှားတောရွာသားတဦးက ပြောပါတယ်။

“မနက်ပိုင်းကြီး တောက်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်တာ။ အဲဒီမှာ သူ့အိမ်ကို လက်နက်ကြီးက ကျတာ။ ပွဲချင်းပြီးဆုံးသွားတာ။ စစ်ကြောင်းကလည်း လာနေတော့ အသုဘကို ချက်ချင်းချလိုက်ရတယ်။”

ဒါ့အပြင် ကျောက်ဖူးရွာမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် မိသားစုဝင် ၃ ဦး လက်၊ ကျောပြင်၊ ဦးခေါင်း စတဲ့ ခန္ဓာကိုယ်နေရာအသီးသီးမှာ ဒဏ်ရာရရှိခဲ့ကြပြီး လက်ရှိမှာ နီးစပ်ရာ ဆေးရုံတွေမှာ ဆေးကုသနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မတ် ၈ ရက်ကလည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် စီးစံရွာက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။

လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်လေ့ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013