DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့နယ်တွင် သတ္တုတူးဖော်ရေးရပ်တန့်ရန် ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြ
DVB
·
September 5, 2014
နမ့်ခမ်းမြို့နယ်တွင် သတ္တုတူးဖော်ရေးရပ်တန့်ရန် ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှုရှိနေတဲ့အတွက် ထောင်နဲ့ချီတဲ့ဒေသခံတွေ ဒီကနေ့ မနက် ၈ နာရီကစပြီး စုရုံးချီတက်ဆန္ဒပြနေကြပါတယ်။

[caption id="attachment_64292" align="alignright" width="300"]ဓာတ်ပုံ - Zaai HomMain ဓာတ်ပုံ - Zaai HomMain [/caption]ဒေသခံတွေဟာ နမ့်ဆီးရီးချောင်း တံတားထိပ်ကို မနက် ၈ နာရီကတည်းက စုရုံးရောက်ရှိနေပြီး နမ့်ခမ်းမြို့လယ်ခေါင်က ပန်ပွဲဆိုတဲ့ ကွင်းပြီဆီအရောက်သွားဖို့ ပြည်ထောင်စု လမ်းတလျှောက် ကြွေးကြော်သံတွေနဲ့ ဆန္ဒပြချီတက်နေတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲမှာ လူထုစည်းဝေးပွဲကျင်းပဖို့ရှိပြီး တချိန်တည်းမှာ တောင်သူလယ်သမား ကိုယ်စားလှယ် ၇ ဦးကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အာဏာပိုင်တွေဆီ တောင်းဆိုချက်တွေ တင်ပြဆွေးနွေးမယ်လို့ နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားအဖွဲ့ခေါင်းဆောင် ဦးစိုင်းယီထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ တောင်းဆိုချက်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းပေးရေး၊ ပျက်စီးသွားတဲ့ နမ့်ဆီးရီးချောင်းနဲ့ ဆည်တွေ ပြန်ပြုပြင်ပေးရေး၊ ဆုံးရှုံးသီးနှံနဲ့ လယ်ယာမြေတွေ အစား လျော်ကြေးအပြည့်အ၀ရရှိရေးနဲ့ ပျက်စီးလယ်ယာမြေတွေ ပြန်ပြီးစိုက်စားလို့ရအောင် ပြုပြင်ပေးဖို့ စတဲ့ အချက် ၄ ချက် ပါဝင်တယ်လို့ ဦးစိုင်းယီထွန်းက ပြောပါတယ်။

နမ့်ဆီးရီးချောင်းအထက်ဘက်မှာရှိတဲ့ ငွေကမ္ဘာကျော် သတ္တတူးဖော်ရေးလုပ်ငန်းက စွန့်ပစ်မြေစာ၊ ကျောက်စရစ်ခဲနဲ့ သတ္တုအမှုန်အစတွေဟာ ချောင်းရေထဲဝင်ရောက်လာပြီး ချောင်းရေ တိမ်ကောသွားတယ်လို့ ဆိုပါတယ်။

အဲဒီကနေ မိုးရွာရင် ရေလျှံတာ၊ မိုးမရွာရင် မြေကြီးတွေ မာကျောတာ စတဲ့ ပတ်ဝန်းကျင် ဂေဟာစနစ် ပျက်စီးတာကြောင့် အနီးနား ပတ်ဝန်းကျင်တ ၀ိုက်ဟိုဆိုင်း၊ မန့်ခမ်း၊ မန့်နောင်၊ စဲ့ဟိုင်း၊ ဟိုနား၊ ကောင်းပိန်း၊ ပန်ထိုလိန် အစရှိတဲ့ ရွာပေါင်း ၇ ရွာက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်စားသောက်လို့ မရအောင် ထိခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ အတွင်းရေးမှူး စိုင်းထွန်းလှိုင်က ရွာသားတွေ သူတို့အခက်အခဲတွေ ကူညီပေးဖို့ လာပြောကြတဲ့အတွက် ကျားဖြူ၊ ကျားခေါင်း နှစ်ပါတီ ပူးပေါင်းတိုင်ပင်ပြီး သူတို့ကို ဥပဒေ လမ်းကြောင်းက တောင်းဆိုဖို့ လမ်းညွှန်မှုပေးခဲ့ကြောင်း၊ ခွင့်ပြုမိန့်နဲ့ ဆန္ဒပြခဲ့တယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေက ဆန္ဒပြမှုကို လူ ၃၀၀ ထိသာ ခွင့်ပြုခဲ့ပေမယ့် လူတွေ ထောင်နဲ့ချီ ပူးပေါင်းပါဝင်လာတာကြောင်း၊ ရွာသားတွေက တောင်းဆိုချက်တွေ မရမချင်း ဆက်ပြီးဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ်ထဲမှာ သတ္တုတူးဖော်ရေး ကုမ္ပဏီ စုစုပေါင်း ၆ ခုလောက်ရှိပြီး ၂၀၁၃ ခုနှစ် နှစ်စကတည်းက စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြကြောင်း၊ လယ်ယာလုပ်ငန်း နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေတဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး လိုအပ်သလိုအရေးယူဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာတွေဆီ အကြိမ်ကြိမ် တောင်းဆိုစာ ပေးပို့ခဲ့ပေမယ့် ထိထိရောက်ရောက် အရေးယူပေးတာ မရှိလို့ ခုလိုဆန္ဒပြကြတာလို့ စိုင်းထွန်းလှိုင်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013