
ဆော်ဒီအာရေဗျနိုင်ငံရဲ့ အဓိကရေနံပိုက်လိုင်းတခု ပိတ်ထားရချိန်မှာ ဟူသီအဖွဲ့က ဆော်ဒီနိုင်ငံအပေါ် အသစ်တိုက်ခိုက်နေပြီး ပါရှန်ပင်လယ်ကွေ့ထဲက သင်္ဘောတွေကို အီရန်ဘက်က ထပ်ပြီး တိုက်ခိုက်နေပါတယ်။
ဒါကြောင့် ရေနံထောက်ပံ့မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီး တနင်္လာနေ့မှာ ရေနံဈေးနှုန်း ၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။
GMT စံတော်ချိန် ၂၃ နာရီ ၁၃ မိနစ်အထိ အချက်အလက်တွေအရ ဘရန့် ရေနံစိမ်းရဲ့ အနာဂတ်ဈေးနှုန်းက တစည်ကို ၂ ဒေါ်လာ ၇၇ ဆင့် မြင့်တက်လာပြီး ၁၀၇ ဒေါ်လာ ၅၁ ဆင့်ထိ စျေးရောက်ခဲ့ပါတယ်။
WTI ရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာလည်း တစည်ကို ၂ ဒေါ်လာ ၂၇ ဆင့် မြင့်တက်လာပြီး ၁၀၂ ဒေါ်လာ ၃၂ ဆင့်ကို ရောက်ခဲ့တာပါ။
ဈေးကွက်စဖွင့်ချိန် ဈေးနှုန်းတွေက ၃ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်း ဂျာဇံပြည်နယ်မှာ ဟူသီတွေရဲ့ တိုက်ခိုက်မှုကြောင့် အိမ်တွေနဲ့ ဗလီတခု ထိခိုက်ပျက်စီးခဲ့ရတဲ့ ရုပ်သံမှတ်တမ်းတွေကို ဆော်ဒီအစိုးရပိုင် မီဒီယာက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဟူသီတို့ကလည်း အိမ်နီးချင်းပြည်နယ်တခုမှာရှိတဲ့ ဆော်ဒီစစ်အခြေစိုက်စခန်းတခုကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတစင်း ပစ်ခတ်ခံရလို့ မီးလောင်ခဲ့ပြီး သင်္ဘောသားတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဗြိတိန်ရေကြောင်းလုံခြုံရေးအေဂျင်စီ UKMTO က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အီရန်ကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ အီရန်ကုန်တင်သင်္ဘောတစင်းပေါ်မှာ လူတယောက် သေဆုံးခဲ့ပြီး သင်္ဘောသားလေးယောက် ဒဏ်ရာရခဲ့တယ်လို့ အီရန်ဘက်က ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့တဲ့နိုင်ငံ ဆော်ဒီအာရေဗျက ရေနံထောက်ပံ့မှုအပေါ် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာချိန် တနင်္လာနေ့မှာ ရေနံဈေးတက်မယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။
ဆော်ဒီရဲ့ East-West ရေနံပိုက်လိုင်းဟာ သောကြာနေ့က အီရတ်နိုင်ငံဘက်ကလာတဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ပိတ်ထားခဲ့ရပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံရဲ့ အဓိကကျတဲ့ ပင်လယ်နီကမ်းခြေဆီ သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းကို ရက်ပိုင်းအတွင်း ပြန်မလည်ပတ်နိုင်ရင် ပြည်ပကိုတင်ပို့ဖို့ ရေနံလက်ကျန်တွေ ငါးရက်အတွင်း ကုန်ဆုံးသွားနိုင်ပြီး ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၄ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ဆော်ဒီရေနံဝယ်ယူသူတွေနဲ့ ကုန်သည်တွေက ပြောခဲ့ပါတယ်။
Source: Reuters











