Home
သတင်းဓာတ်ပုံ
ပုဏ္ဏားကျွန်းမြို့တွင်းတိုက်ပွဲကြောင့်  နေအိမ်အများစု မီးလောင်ပျက်စီး 
DVB
·
March 13, 2024

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ ရက္ခိုင့်တပ်တော်(AA) နဲ့ စစ်ကောင်စီတပ်တွေအကြား မြို့တွင်းတိုက်ပွဲတွေကြောင့် မြို့ပေါ်ရပ်ကွက် ၄ ခု မှာရှိတဲ့ လူနေအိမ်တွေအပါအဝင် ဘာသာရေး အဆောက်အအုံ၊ ကျောင်းတွေပါ မီးလောင်ပျက်စီးသွားတယ်လို့ ပုဏ္ဏားကျွန်းမြို့ဒေသခံတွေက ပြောပါတယ်။

မြို့သစ်၊ အလယ်စု၊ ရွာဟောင်းနဲ့ စံပြရပ်ကွက်တွေက နေအိမ်တွေကို စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ လာရောက်ဗုံးကြဲတာ၊ ရေတပ်က လက်နက်ကြီးပစ်ခတ်တာအပြင် မီးရှို့တာတွေကြောင့် ပုဏ္ဏားကျွန်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီလို့ ပုဏ္ဏားကျွန်းမြို့မှာ အခြေပြုတဲ့ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

"မြို့တွင်းတိုက်ပွဲတွေမှာ မြို့ပေါ်ရပ်ကွက်လေးခုက နေအိမ်တွေအများစုက မီးလောင်တာအပြင် လက်နက်ကြီးမှန်ပြီးတော့ ပျက်စီးသွားပြီ။ မြို့မဈေးကတော့ တိုက်ပွဲ မဖြစ်ခင်ကနေ Navy က ပစ်လိုက်တဲ့ လက်နက်ကြီးထိလို့ ဈေးတစ်ခုလုံး မီးလောင်သွားပြီ။ မြို့ထဲမှာ အိမ်အရေအတွက် ဘယ်လောက် မီးလောင်သွားတယ်၊ ဘယ်နှလုံးလောက် ကျန်သေးလဲတော့ မြို့ထဲကို ဝင်ခွင့်မရသေးလို့ မသိရသေးဘူး။ တမြို့လုံးအတိုင်းအတာနဲ့ ပြောရရင်  ၈၀ ရာခိုင်နှုန်းလောက် ရစရာမရှိအောင် ပျက်စီးသွားတယ်။”

ပုဏ္ဏားကျွန်းမြို့ပေါ်က နောက်ဆုံးကျန်ရှိတဲ့ ခမရ ၅၅၀ ကို ရက္ခိုင့်တပ်တော်က မတ် ၄ ရက်ကနေ သိမ်းပိုက်ထားပေမဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေ အပါအဝင် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးအကြွင်းအကျန်တွေ ကျန်ရှိနေသေးတာကြောင့် မြို့ထဲကိုတော့ ဝင်ခွင့်မရရှိသေးဘူးလို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့က စစ်ဘေးရှောင်လာတဲ့ ဒေသခံ တဦးက “ပုဏ္ဏားကျွန်းမြို့ကိုတော့ AA က သိမ်းထားပြီဆိုတော့ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ချင်နေပြီ။ မြို့ထဲမှာ အိမ်တွေကလည်း မီးလောင်ကုန်၊ ပျက်စီးကုန်ပြီ ဆိုတော့လည်း လူအများစုက အိမ်ခြေရာမဲ့ဘဝကို ရောက်သွားကြပြီ။ မိုင်းတွေအရင်ရှင်းပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်ပြီးတော့ အသက်သေရင်လည်း သေပါစေတော့။ ဘယ်ကိုမှ မထွက်ပြေးတော့ဘဲ နေတော့မယ်” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာ လူဦးရေ ၁၃၀,၀၀၀ ကျော်ရှိပြီးတော့ တမြို့လုံးနီးပါး ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရပါတယ်။

တမြို့လုံး စစ်ဘေးရှောင်လာရတဲ့ ပြည်သူတွေဟာ လက်ရှိမှာ စားရေးသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးတွေမှာ ဘေးကင်းဖို့အတွက် ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရပြီး စစ်ကောင်စီတပ်က လည်း ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကို ပြုလုပ်နေတဲ့အပြင် ကုန်စည်စီးဆင်းမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ပေးရေး တွေကိုပါ ပိတ်ပင်ထားပါတယ်။

ရခိုင်ပြည်နယ်တဝန်းမှာ AA နဲ့ စစ်ကောင်စီတပ်တို့ အကြား တကျော့ပြန်တိုက်ပွဲတွေမှာ  AA ကနေ မြို့နယ် ၇ ခု၊ မြို့ ၁၁ မြို့နဲ့ အရေးပါတဲ့ တပ်စခန်း၊ ဗျူဟာကုန်းတွေကို သိမ်းပိုက်ထားပါတယ်။

ဒီထဲမှာ ပုဏ္ဏားကျွန်းမြို့လည်း အပါအဝင်ဖြစ်ကာ၊ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေနဲ့လည်း ခရီးမိုင် ၂၀ နီးပါးလောက်သာ ကွာဝေးပါတယ်။ 

နိုဝင်ဘာ ၁၃ ရက်ကနေ  တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ပေါက်တော၊ ရမ်းဗြဲနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်တိုက်ပွဲတွေမှာ မြို့မဈေး သုံးခုနဲ့ နေအိမ်ပေါင်း  သိန်းနဲ့ချီကာ မီးလောင်ပျက်စီးကုန်ပါတယ်။ 

ဓာတ်ပုံ- ပုဏ္ဏားကျွန်းမြို့ပေါ်တိုက်ပွဲတွေကြောင့် အပျက်အစီးများမြင်ကွင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024