DVB Logo
Home
မြန်မာသတင်း
မြဝတီစစ်ဘေးရှောင် ၃,၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်
DVB
·
March 12, 2024
မြဝတီစစ်ဘေးရှောင် ၃,၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်
1 / 8
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြဝတီမြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရတဲ့ လူ ၃,၀၀၀ ကျော်အတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။

မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့သစ်ဘက်မှာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့တည်းက စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် သင်္ကန်းညီနောင်မြို့၊ ရွာသစ်ကျေးရွာ၊ မဲကနယ်၊ ဖားကျောင်း၊ မြစန္ဒီနဲ့ အနီးနားကျေးရွာ‌တွေက ပြည်သူတွေဟာ မြဝတီမြို့ပေါ်ကို စစ်ဘေးရှောင်နေရပါတယ်။

စစ်ဘေးရှောင်တွေဟာ မြဝတီမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးနဲ့ အသိတွေဆီမှာ နေထိုင်နေရပြီး အကူအညီများစွာ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“စစ်ဘေးရှောင်တဲ့သူတွေက တဖြည်းဖြည်း ပိုပိုပြီးတိုး‌လာတယ်။ ခုထိတော့ နေစရာအတွက်က ပြဿနာမရှိပေမဲ့ အစားအသောက်နဲ့ ဆေးဝါးတွေက အရေးပေါ် လိုအပ်နေတယ်။ မြဝတီကသူတွေကလည်း ကူညီနေပေမဲ့ စစ်ရှောင်တွေက များသထက် များလာတော့ အကူအညီတွေက ပိုလိုလာတယ်။ တိုက်ပွဲတွေစဖြစ်တဲ့ အချိန်မှာတောင် မလောက်ငရင် စစ်ပွဲကြာလာရင် မလွယ်တော့ဘူး။”

သင်္ကန်းညီနောင် ရွာသစ်ကျေးရွာမှာရှိတဲ့ အောင်သိဒ္ဒိဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ စစ်ဘေးရှောင် ၃၀၀ နီးပါးဟာ တိုက်ပွဲအခြေအနေတွေကြောင့် မတ် ၁၁ ရက်က မြဝတီမြို့ပေါ်ရှိ ရေပူဘုန်းတော်ကြီးကျောင်းကို ထပ်မံရွှေ့ပြောင်းခဲ့ရပါတယ်။

စစ်ဘေးရှောင်အများစုဟာ အဝတ်တထည်နဲ့သာ စစ်ရှောင်လာရတဲ့အတွက် အဝတ်အထည်တွေနဲ့ စောင်တွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

မြဝတီမြို့နယ် သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ နဲ့ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မတ် ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ခမရ ၃၅၅၊ သင်္ကန်းညီနောင်ရဲစခန်းနဲ့ ဖလူးစခန်းကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

သင်္ကန်းညီနောင်မှာ နှစ်ဖက်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိထားကာ လူ ၄,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013