DVB Logo
Home
မြန်မာသတင်း
ဆယ်တန်းစာမေးပွဲဖြေဆိုသူ  ၁ သိန်းကျော်သာရှိ၊ ကယားပြည်နယ်၌ ဖြေဆိုသူမရှိ
DVB
·
March 12, 2024
ဆယ်တန်းစာမေးပွဲဖြေဆိုသူ  ၁ သိန်းကျော်သာရှိ၊ ကယားပြည်နယ်၌ ဖြေဆိုသူမရှိ
Donate to DVB

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဆိုတဲ့ ကျောင်းသူ၊ ကျောင်းသား အရေအတွက်ဟာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၂၈,၀၀၀ ကျော်သာရှိတော့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံက သိရပါတယ်။

တက္ကသိုလ်၀င်တန်းစာမေးပွဲကို အခုမတ်လ ၁၁ ရက်က စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတဝန်း ပြည်တွင်းစာစစ်ဌာန ၈၃၀ ခုနဲ့ နိုင်ငံခြားစာစစ်ဌာန ၁၁ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု မှာ စာမေးပွဲဖြေဆိုဖို့ စုစုပေါင်း ၁၄၆,၅၂၃ ဦး စာရင်းပေးသွင်းကြပေမဲ့ ပထမနေ့မှာတင် ၁၂၈,၈၀၁ ဦးသာ ၀င်ရောက်ဖြေဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန  တာဝန်ရှိသူတဦးက “ပထမနေ့ကတော့ ၈၇ ဒသမ ၉၀ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ ဖြေဆိုသူနည်းတာကလည်း ပဋိပက္ခအခြေအနေတွေကြောင့် နည်းသွားတာလည်း ပါတယ်။ ရခိုင်၊ ကယား၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေးဘက်က ဖြေဆိုတဲ့ အရေအတွက် အတော်လေး လျော့သွားတာကြောင့်ပါ။ အဲ့ဒီနေရာတွေက ဖြေဖို့စီစဉ်ပေးပေမဲ့ ကြောက်တော့ မလာကြတော့ဘူး”လို့ ပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့မှာ ဖြေဆိုသူ စာရင်းသွင်းအရေအတွက်က ခရိုင်ပေါင်း ၁၁၄ ခရိုင်၊ မြို့နယ် ပေါင်း ၂၈၅ မြို့နယ်၊ စာစစ်ဌာနပေါင်း ၇၉၄ ဌာန ၊ စာရင်းရှိ  ၁၄၆၅၂၃  ဦး အနက် လာရောက် ဖြေဆိုသူ ဦးရေဟာ ၁၂၈,၈၀၁ ဦးသာရှိတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ကြေညာထား ပါတယ်။

အခုနှစ်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဟာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူအရေအတွက် အတော်လေးလျော့ကျသွားခဲ့ပြီး ကယားပြည်နယ်မှာဆိုရင် စာစစ်ဌာန လုံးဝမဖွင့်လှစ်နိုင်တော့ပဲ ရခိုင်ပြည်နယ်မှာဆိုရင် စာစစ်ဌာနက ၆၉ ခုမှာ ဖြေဆိုဖို့ စာရင်းပေးသူ ၁၈၀၀၀ ကျော်ရှိပေမဲ့  ၈၀၀၀ ကျော်သာ လာရောက်ဖြေဆိုတယ်လို့ သိရပါတယ်။

ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကိုလာရောက်ဖြေဆိုမှုများတဲ့ တိုင်းတွေဖြစ်တဲ့  မန္တလေးတိုင်းမှာ  အယောက် ၁၉၀၀၀ ကျော်၊ ရန်ကုန်တိုင်းမှာ ၁၈၀၀၀ ကျော်နဲ့  ဧရာဝတီတိုင်းမှာ  ၁၉၀၀၀ နီးပါး ရှိနေပါတယ်။

မွန်ပြည်နယ်မှာတော့ မြန်မာစာနေ့မှာ လာရောက်ဖြေဆိုဖို့ ပျက်ကွက်သူ ၂၀၀ ကျော်ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်မေးပွဲအတွက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှာ ဖြေဆိုဖို့ လျှောက်ထားသူ ၆,၀၁၅ ဦးရှိရာ ပထမနေ့မှာ လာရောက်ဖြေဆိုဖို့ ပျက်ကွက်သူ ၂၄၈ ဦး ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဒီနေ့ လာဖြေတာ ၅,၇၆၇ ယောက်ပဲရှိတယ်။ ၂၄၈ ယောက် ပျက်ကွက်တယ်။ တချို့မြို့နယ်တွေမှာ စာစစ်ဌာနတခုပဲရှိတယ်။ အဲ့တော့ ပေါင်းဖြေရတာတွေရှိတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက ကလေးတွေလည်း မဖြေကြဘူး။”

ပြည်နယ်အစိုးရရုံး အခြေစိုက်တဲ့ မော်လမြိုင်မြို့ပေါ်က စာစစ်ဌာနတွေဖြစ်တဲ့ အမှတ် ၁၂ အခြေခံပညာ အထက်တန်းကျောင်း၊ အ​ခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်) နဲ့ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းတွေကို လုံခြုံရေးအပြည့် ချပေးခဲ့တယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“မော်လမြိုင်မှာက ဖြေတဲ့သူများတယ်။ ပြည်နယ်အစိုးရအဖွဲ့လည်း ရုံးစိုက်တော့ လုံခြုံရေးကို ပိုပြီးတင်းကျပ်ထားတယ်။”

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်က မွန်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူဦးရေ ၅,၇၆၈ ဦးရှိပြီး ၄၅၂ ဦး လာရောက်ဖြေဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၁,၂၁၂ ဦးရှိပြီး ၆,၄၁၄ ဦး အောင်မြင်ခဲ့လို့ တနိုင်ငံလုံးမှာ မွန်ပြည်နယ်က ပထမအဆင့် ချိတ်ခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးမှာတော့ စစ်တပ်အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူ အရေအတွက်ဟာ တသန်း နီးပါးလောက်ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာမှာတော့ တသိန်းကျော်သာရှိတော့တာဖြစ်ပါတယ်။ 

နိုင်ငံတဝန်း သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေဟာ စစ်ကျွန်ပညာရေးကို သပိတ်မှောက်တဲ့ အနေနဲ့ စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေကို မတက်ရောက်တော့သလို စာမေးပွဲတွေကိုလည်း ဝင်ရောက် ဖြေဆိုခြင်းမရှိတော့တာပါ။  

အခုနှစ်မှာတော့ နိုင်ငံဒေသအနှံ့ စစ်ပွဲတွေဖြစ်နေသလို စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးစတင်ကျင့်သုံးနေတာကြောင့် လူငယ်လူရွယ်တွေဟာ ပြည်တွင်းမှာ ပညာရေးကိုစွန့်လွှတ်ကာ နည်းလမ်းပေါင်းစုံနဲ့ ပြည်ပနိုင်ငံတွေကို အလုံးအရင်းနဲ့ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013