DVB Logo
Home
Lead Story
မနီလာမြို့တော်က မီးခိုးမထွက်သည့် လျှပ်စစ်ကားများ
DVB
·
September 5, 2014
မနီလာမြို့တော်က မီးခိုးမထွက်သည့် လျှပ်စစ်ကားများ
Donate to DVB

ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော် မနီလာကတော့ အလွန်ကို ယာဉ်ကြောရှုပ်ထွေးတယ်လို့ နာမည်ကျော်ပါတယ်။ ကားတွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေက မြို့တော်ရဲ့ လေထုကို ညစ်ညမ်းစေပါတယ်။

ဒီလေကို ရှူရှိုက်မိရင် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ ရနိုင်တယ်လို့ အစိုးရကလည်း မြို့ခံတွေကို သတိပေးထားရပါတယ်။

အဖွဲ့အစည်းတခုကတော့ ဒီယာဉ်တွေကို လမ်းပေါ်က ဖယ်ထုတ်ကာ လျှပ်စစ်ကားတွေကို အစားထိုးပြီး CO2 ထုတ်လွှတ်မှုကို ဖြတ်တောက်ဖို့ ကြိုးစားနေပါတယ်။

mobility_solutions_electric_scooters_rtr2l5yr_ah_51735တခါတရံ မနီလာမြို့အနှံ့သွားဖို့ ထရိုက်ကားစီးဖို့ လိုပါတယ်။ ဒီယာဉ်တွေက ဘေးတွဲပါတဲ့ ဆိုင်ကယ်တွေပါ။ ဒရိုင်ဘာတွေက ယာဉ်ကြောပေါ်မှာ ကွေ့ပတ် မောင်းနှင်နေပြီး စင်္ကြန်လမ်းတွေပေါ်တောင် တက်မောင်းနေပါတယ်။ ထရိုက်ကားတွေဟာ ဆူညံသလောက် မီးခိုးအများကြီး ထွက်ပါတယ်။

ဒါပေမယ့် အယ်လ်ဖရတ်ဒိုဖော်ရဲလိုရဲ့ ထရိုက်ကားကတော့ ဒီလိုမဟုတ်ပါဘူး။

လွန်ခဲ့တဲ့လ အနည်းငယ်လောက်တုန်းက အသက် ၃၈ နှစ်အရွယ် ဖော်ရဲလိုဟာ သူ့ထရိုက်ကားအဟောင်းကို ဘက်ထရီအားနဲ့ မောင်းတဲ့ အီးထရိုက်ကားအသစ်တစီးနဲ့ လဲလိုက်ပါတယ်။ ဒီယာဉ်က ခရီးသည် ၈ ဦးထိ တင်နိုင်ပြီး အသံမထွက်သလောက်ပါပဲ။

အရင်သုံးဘီးဆိုင်ကယ်တုန်းက သူ့မှာ အအေးပတ်တာနဲ့ တုတ်ကွေးမိတာတို့လို ခဏခဏ နေမကောင်းဖြစ် ရပါတယ်။ အခုတော့ မဖြစ်တော့ပါဘူး။ အရင်ဆိုင်ကယ်တွေထက် ခု အီးထရိုက်တွေက မောင်းရလွယ်ပြီး သက်သောင့်သက်သာရှိလိုပါပဲ။

ခုလောလောဆယ်မှာတော့ အီးထရိုက်ကား ၁၅ စီးလောက်ပဲ လမ်းပေါ်မှာ ရှိပါတယ်။ ဒါပေမယ့် အာရှဖွံ့ဖြိုးရေးဘဏ်က ၅ နှစ်အတွင်းမှာ စီးရေ ၁၀၀ လောက်ဖြစ်ဖို့ စီစဉ်ထားပါတယ်။

သုံးဘီးဆိုင်ကယ်အသစ်ရဲ့ အကျိုးကျေးဇူးကို လူတိုင်း ခံစားရတော့မှာပါလို့ အီးထရိုက်စီမံကိန်းကို ဦးဆောင်နေတဲ့ ဆိုဟေးဟာ့စနီးက ပြောပါတယ်။

''ဖိလစ်ပိုင်အစိုးရက စက်သုံးဆီတင်သွင်းတဲ့အပေါ်မှာ ဒေါ်လာ ၈ ဘီလီယံကနေ ၁၀ ဘီလီယံထိ သုံးနေရတယ်။ သုံးဘီးဆိုင်ကယ်သမားတွေမှာကလည်း နည်းပညာသစ်ဆိုလို့ သိပ်ရွေးချယ်စရာ မရှိလေတော့ သိပ်မထိရောက်ဘဲ ဆီတွေ အရမ်းကုန်တာပေါ့ဗျာ။ တကယ်လို့ သုံးဘီဆိုင်ကယ်စီးရမယ်ဆိုလည်း သက်သက်သာသာ ရှိမယ်။ အန္တရာယ်လည်း ကင်းမယ်၊ လေထုလည်း မညစ်ညမ်းဘူးဆိုရင် ကောင်းတာပေါ့နော်။ ဒါဆိုရင်တော့ အီးထရိုက်ကားက ဒီအခက်အခဲတွေကို ဖြေရှင်းပေးမယ့် တခုတည်းသောပန်းတိုင်ပါပဲ။''

အီးထရိုက်ကားကို သုံးလိုက်တဲ့အတွက် နှစ်စဉ် မနီလာမြို့မှာ ဆီနဲ့ မောင်းတဲ့ သုံးဘီးတွေကြောင့် ထွက်တဲ့ စီအို ၂၄ တန်နီးပါးလောက်ကို လျှော့ချပစ်နိုင်လိမ့်မယ်လို့ ဟာ့စနီးက ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံ အစိမ်းရောင်ငြိမ်းချမ်းရေးအဖွဲ့ (Greenpeace)မန်နေဂျာ ဘိုးဘာကွန်ဂစ်ကတော့ အီးထရိုက်ကားဟာ မီးခိုးခေါင်းတိုင်နေရာမှာ အိက်ဇောပိုက်နဲ့ အစားထိုးတဲ့သဘောပဲလို့ ပြောပါတယ်။

''ဒီ အီထရိုက်ကား ထောင်သောင်းချီကို အားသွင်းမယ်ဆိုရင် လျှပ်စစ်ဓာတ်အား အများကြီး လိုမယ်။ ဒီဓာတ်အားက ကျောက်မီးသွေးနဲ့ ထုတ်ရတာ။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုက ယာဉ်က မီးခိုးထွက်သလို တိုက်ရိုက် မဟုတ်ဘူး။ ထရိုက်ကားတွေ အားသွင်းချိန်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကနေ မီးခိုးတွေ ထုတ်လွှတ်မှာ။''

အခြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ အီးထရိုက်ကားတွေ မှာပါတဲ့ လစ်သီယမ်အိုင်းယွန်း ဘက်ထရီက ထင်သလောက် အကျိုးမပြုဘူးလို့ ဆိုပါတယ်။

မနီလာမြို့က ရာသီဥတုနဲ့ ပြည့်မြဲစွမ်းအင်သုံး မြို့တော်များ အင်စတီကျုအဖွဲ့ရဲ့ ဒါရိုက်တာ ရက်ကွန်စတန်တီနိုက ''လစ်သီယမ်အိုင်းယွန်း ဘက်ထရီရဲ့ပြဿနာက သူတို့က ကုန်ကျစရိတ်များတယ်။ ဒီနိုင်ငံမှာက ရောင်းပြီး နောက်ပိုင်း ၀န်ဆောင်မှု မရဘူး။ အကန့်တကန့်ပျက်သွားရင် ဘက်ထရီတလုံးလုံး ပစ်လိုက်ရရော။ ဒီလိုဘက်ထရီမျိုး ပြင်နိုင်တဲ့ဆိုင်လည်း မရှိဘူး'' လို့ ပြောပါတယ်။

ခဲဘက်ထရီတွေက လစ်သီယမ်အိုင်းယွန်းဘက်ထရီလောက် ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ပေမယ့် အနည်းဆုံးတော့ ဖိလစ်ပိုင်မှာ ရီဆိုက်ကယ်ပြန်လုပ်နိုင်တဲ့ဆိုင်တွေ ရှိတယ်လို့ ကွန်စတန်တီနိုက ဆိုပါတယ်။ ဒီဘက်ထရီတွေကိုပဲ ဂျိ(ပ်) နီးစ်လို့ခေါ်တဲ့ ခရီးသည်တင် လျှစ်ယာဉ်တွေမှာ သူတို့အဖွဲ့က သုံးနေတာပါ။

ဒီယာဉ်တွေက ပတ်ဝန်းကျင်နဲ့ သင့်တော်ပြီး အန္တရာယ်ကင်းတာမို့ အီးထရိုက်ကားနေရာမှာ အစားထိုးရင် ပိုကောင်းမယ်လို့ ကွန်စတန်တီနိုက ဆိုပါတယ်။

“ယာဉ်ပိုကြီးလာလေ ထုတ်လွှတ်မှုကို ပိုလျှော့ချနိုင်လေပဲ။ စွမ်းအင်နည်းနည်းနဲ့ ခရီးသည်တွေကို ပိုဆောင်ပေးနိုင်တယ်။ သုံးဘီးဆိုင်ကယ်တွေက သေးတယ်။ ခရီးသည်တွေကို အိမ်တိုင်ရာရောက် ပိုပေးနိုင်တာတော့ ကောင်းပါတယ်။ အီထရိုက်ကားသွင်းတဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)ရဲ့ ပြဿနာက ယာဉ်အန္တရာယ် စိုးရိမ်ရတဲ့ လက်ရှိ သုံးဘီးဆိုင်ကယ်တွေကို လျှော့ချတာထက် အီးထရိုက်ကားတွေကို အတင်းသွင်း နေတာမျိုးဖြစ်နေတယ်။ အီထရိုက်ကားတွေက ယာဉ်စည်းကမ်းမလိုက်နာဘူးလို့ နာမည်ကြီးနေတယ်။”

အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုဟေးဟာ့စနီးက သူတို့သွင်းတဲ့ အီးထရိုက်ကားတွေမှာ ဘက်ထရီ ပြုပြင်ရေး ၀န်ဆောင်မှုလိုမျိုး ဖြေရှင်းပေးရမယ်ပြဿနာတွေ ရှိနေတုန်းပဲလို့ ၀န်ခံထားပါတယ်။ ဒါပေမယ့် အီးဂျိ(ပ်)နီးစ်တွေ သုံးဖို့က အရမ်းဈေးကြီးလွန်းတယ်လို့ ပြောပါတယ်။

ဆိုဟေးဟာ့စနီးက ''လျှပ်စစ်မော်တာ ကြီးကြီးလိုမယ်။ ဘက်ထရီကြီးကြီး လိုမယ်။ ကုန်ကျစရိတ်က မြင့်သည်ထက်မြင့် လာမယ်''လို့ ပြောပါတယ်။

“ဒါက တကယ့်ပြဿနာပါပဲ။ ဘာကြောင့်လဲဆိုတော့ ယာဉ်မောင်းအများစုက ယာဉ်ပိုင်တွေ ဖြစ်နေကြလို့ပါပဲ။ အယ်လ်ဖရတ်ဒိုဖော်ရဲလိုလို ဆင်းရဲတဲ့ယာဉ်မောင်းတွေကို အီးထရိုက်ကား ပေးမောင်းလိုက်ရင်တော့ သက်သောင့်သက်သာနဲ့ အသက်မွေးနိုင်မှာ ဖြစ်တယ်လို့” သူက ဆိုပါတယ်။

ဖော်ရဲလိုက ခုရက်ပိုင်းမှာ ဆီမကုန်တော့တဲ့အတွက် သူ့အီးထရိုက်ကားလေးနဲ့ ပိုက်ဆံပိုရှာနိုင်တယ်လို့ ပြောပြပါတယ်။ ဘက်ထရီ အားသွင်းခက နည်းနည်းပဲပေးရပြီး အရင် ဆီနဲ့မောင်းတဲ့ ဆိုင်ကယ်ပြန်မမောင်းတော့ဘူးလို့ ပြောပါတယ်။

အာရှဒေသ သတင်းဆောင်းပါး အစီအစဉ်အတွက် မနီလာမြို့မှ ဂျေဆန်စထရော့သာက သတင်းပေးပို့ ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013