DVB Logo
Home
မြန်မာသတင်း
ပါတီမှတ်ပုံတင်ဥပဒေကို ပြင်ဆင်သည့်နည်းဥပဒေ ထွက်လာသော်လည်း ယခုနှစ်အတွင်း ရွေးကောက်ပွဲ မဖြစ်နိုင်သေး 
DVB
·
March 11, 2024
ပါတီမှတ်ပုံတင်ဥပဒေကို ပြင်ဆင်သည့်နည်းဥပဒေ ထွက်လာသော်လည်း ယခုနှစ်အတွင်း ရွေးကောက်ပွဲ မဖြစ်နိုင်သေး 
Donate to DVB

ကန့်သတ်ချက်တွေ များနေတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်ပြင်ဆင်တဲ့ နည်းဥပဒေ ထွက်ရှိလာပြီ ဖြစ်တာကြောင့် မှတ်ပုံပြန်တင်မယ့် နိုင်ငံရေးပါတီအသစ်တွေ အတွက် လုပ်သာကိုင်သာရှိသွားမှာဖြစ်ပေမဲ့ ဒီနှစ်ထဲမှာတော့ ရွေးကောက်ပွဲက ဖြစ်လာဦးမှာ မဟုတ်သေးဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ကန့်သတ်ချက်တွေများနေတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို စစ်ကောင်စီက ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး နည်းဥပဒေကိုလည်းပြီးခဲ့တဲ့သီတင်းပတ်ကမှ ထုတ်ပြန်ခဲ့တာပါ။

ဒါ့ကြောင့် အာဏာသိမ်းစစ်ကောင်စီက စီစဉ်ကျင်းပမယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအသစ်တွေအတွက် ပါတီထူထောင်နိုင်ရေး လမ်းကြောင်းမှာ အခက်ခဲမရှိသလောက်နည်းသွားပြီလို့ မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။ 

“ရွေးကောက်ပွဲ ပြန်ကျင်းပရေးဟာ အာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်တခုဖြစ်တာကြောင့် အခုလို ပါတီမှတ်ပုံတင်ခြင်းဥပဒေကို ဖြေလျှော့မှုတွေ လုပ်လိုက်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ရေး နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကတော့ မဖြစ်နိုင်သေးဘူး။”

စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလထဲမှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအသစ်ထဲမှာ မှတ်ပုံပြန်တင်မယ့် ပါတီတွေအနေနဲ့ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား ၅၀၀ ကနေ ၁၀၀၀ အထိ စည်းရုံးရမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင်သတ်မှတ်ရက်အတွင်းမှာ ပါတီရုံးခန်းဖွင့်ရမယ့်ကိစ္စနဲ့ ပါတီရန်ပုံငွေထားရမယ့် သတ်မှတ်ချက်တွေက လက်တွေ့နဲ့ ကင်းကွာနေတဲ့အချက်တွေ ဖြစ်တာကြောင့် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ဝေဖန်မှုတွေ ထွက်လာခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီက အဲဒီအချက်အလက်တွေကို ပြန်လည် ပြင်ဆင်ပေးခဲ့ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ဦးစားပေးလုပ်ဆောင်နေပေမဲ့ အခုပြင်ဆင်လိုက်တဲ့ ဥပဒေက တနိုင်ငံလုံးအဆင့်ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအတွက်ပဲ ဦးစားပေးပြင်ဆင်လိုက်တာလို့ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးအားလယ်က ပြောပါတယ်။

အရင်ကတည်းက တိုင်းရင်းသားဒေသတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖွဲ့စည်းထူ ထောင်ထားကြတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအတွက် အသစ် ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟာ အခက်ခဲမရှိတာကြောင့် အခု ပြန်ပြန်လိုက်တဲ့ ဥပဒေဟာလည်း သက်ရောက်မှုမရှိဘူးလို့ ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီ ဥက္ကဋ္ဌဟောင်းက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီကခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၁၀ လအတွင်းမှာ နိုင်ငံရေးပါတီ ၄၇ ပါတီကို ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး အဲဒီအထဲက ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ရက်ပေါင်း ၉၀ အတွင်းမှာ  ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးနိုင်ခြင်းမရှိတာကြောင့် ပါတီမှတ်ပုံတင်ခြင်းကို စစ်ကောင်စီက ပယ်ဖျက်လိုက်ပြီး  ပါတီကို ပါဖျက်သိမ်းခဲ့ပါတယ်။

ဒါ့အပြင် မြိုတိုင်းရင်းသားပါတီကလည်း  ပါတီဖျက်သိမ်းပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြလာတာကြောင့် ပါတီမှတ်ပုံတင်ထားရာကနေ ပယ်ဖျက်ခံရပြီး လက်ရှိမှာ တည်ဆဲနိုင်ငံရေး ပါတီ ၄၅ ပါတီရှိပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်အသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၉၀ အတွင်း ပြန်ပြီးမှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းခဲ့ပါတယ်။ 

စစ်ခေါင်းဆောင်ကတော့ အာဏာသိမ်းစတုန်းက ၁ နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပြုပြောဆိုခဲ့သလို နောက်ပိုင်းမှာလည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ အကြိမ်ကြိမ် ပြောဆိုနေပေမဲ့ ၃ နှစ်ကျော်ရှိလာသည့်တိုင် ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013