
မြန်မာပြည်အလယ်ပိုင်း မန္တလေးနဲ့ မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆက်သွယ်ထားတဲ့ အဓိက ရထားလမ်းပိုင်းကို တရုတ်နိုင်ငံ EXIM ဘဏ်ဆီက ချေးငွေ ရယူပြီး အဆင့်မြှင့်တင်သွားမယ်လို့ နေပြည်တော်ရုံး မြန်မာ့မီးရထားဌာန တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း အဆင့်မြှင့်တင်ဖို့အတွက် ချေးငွေရယူလိုကြောင်း မြန်မာ့မီးရထားဌာနကနေ တရုတ် EXIM ဘဏ်ဆီ အဆိုပြုလွှာ တင်ပြထားပြီး EXIM ဘဏ် ဘက်က တာဝန်ရှိသူတွေ လာရောက် ကွင်းဆင်း စစ်ဆေးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနဲ့ မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနား မြို့ဆီ ဆက်သွယ်ရေးမှာ ဒီ ရထားလမ်းဟာ အဓိက ဖြစ်ပေမယ့် ပြုပြင်ထိန်းသိမ်းမှု အားနည်းတာကြောင့် လမ်းပိုင်း ချို့ယွင်းမှု ဖြစ်ပြီး ရထားတွေ မကြာခဏ လမ်းချော်မှု ဖြစ်ပွားနေတယ်လို့ သူက ရှင်းပြပါတယ်။











