DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အပြိုင်လေလံဆွဲရန် လျှောက်ထားရသည့် အဆင့်ရောက်နေ
DVB
·
March 7, 2024
ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အပြိုင်လေလံဆွဲရန် လျှောက်ထားရသည့် အဆင့်ရောက်နေ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေးနဲ့ အပြိုင် လေလံဆွဲဖို့ လျှောက်ထားရတဲ့အဆင့်ကို ရောက်နေပြီး စစ်ကောင်စီရဲ့ အပြုအမူဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ ကို အမွေခွဲဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက စတင်တရားစွဲဆိုခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ အောက်တိုဘာလမှာ ဦးအောင်ဆန်းဦး အထူးအယူခံဝင်ထားတဲ့ ဒီအမှုကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ကလက်ခံကြားနာပြီး  ပြန်လည်စစ်ဆေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၄ ဇန်နဝါရီ ၂၅ ရက်မှာ ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၃ သိန်းကျော် ( ဒေါ်လာသန်း ၉၀ ဝန်းကျင်) ကြမ်းခင်းဈေးနဲ့ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချခဲ့တာပါ။

လာမယ့် မတ်လ ၂၀ ရက်နေ့မှာ လေလံတင်ရောင်းချဖို့ ကြေညာထားပြီး ဝယ်ချင်သူတွေက ကြမ်းခင်းဈေးနဲ့ အညီအပြိုင်ဝယ်ယူနိုင်ဖို့ လျှောက်ထားရတဲ့အဆင့်မှာရောက်နေတာဖြစ်ပါတယ်။

အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး  နေပြည်တော် အချုပ်ထောင်နဲ့ နီးစပ်သူတဦးက "ကျန်းမာရေးက နည်းနည်းနေမကောင်းဖြစ်တာလောက်ပဲ။ အတိအကျကြီးမသိရသေးဘူးကျနော်လည်း။ မရဘူး ဘယ်သူမှတွေ့ခွင့်မရဘူး။ ကျနော် သိတဲ့အချိန်ပြောမယ်လေ။ လေလံတင်ဖို့လျှောက်တဲ့အဆင့်ပဲရှိသေးတယ်။ ဆွဲတာတွေ ဘာတွေ မဟုတ်သေးပါဘူး”လို့ ပြောပါတယ်။

ဦးအောင်ဆန်းဦးဟာ ၁၉၇၃ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံကို ရောက်ရှိနေထိုင်ပြီး နိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ ဦးအောင်ဆန်းဦးဟာ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်နေပေမဲ့ အမေရိကန်နိုင်ငံသားအဖြစ် ဆက်ရှိနေတာကြောင့် မြန်မာနိုင်ငံဥပဒေတွေအရ နိုင်ငံတွင်း မြေယာပိုင်ဆိုင်ခွင့် မရှိသူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း(ကင်မ်)က "မြန်မာနိုင်ငံရဲ့ ဥပဒေတွေအရ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့ကတည်းက ကျနော့်ဦးလေးက မြန်မာနိုင်ငံမှာ မြေယာပိုင်ဆိုင်ဖို့ ဘာအခွင့်အရေးမှမရှိပါဘူး။ ကျနော့်အမေကတော့ ဒီမြေနေရာကို ကုသိုလ်ဖြစ် စာနာမှုလုပ်ငန်းတွေအတွက် အသုံးပြုချင်တယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံက ပြန်ပြီးတော့ ဒီမိုကရက်ကရေစီစနစ်ပြန်ရောက်လာချိန်မှာတော့ ဒီကိစ္စက ဘာပြန်ဖြစ်လာမယ်ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမယ်လို့ ပြောချင်ပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၀၁ ခုနှစ်မှာ စပြီး အမှုဆိုင်ခဲ့တဲ့ အင်းယားကန်ဘေးက အိမ်နဲ့ခြံ ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်မှာ အိမ်ကို ဒေါ်အောင်ဆန်းစုကြည်က ရထိုက်ပြီး၊ ၂ ဧက အကျယ်ရှိတဲ့မြေကို မောင်နှမ ၂ ဦး ခွဲဝေယူဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။

တရားရုံးအမိန့်အရ ဒေါ်အောင်ဆန်းစုကြည်က အသာစီးရခဲ့တာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ အမွေဆိုင် အိမ်နဲ့ ခြံကို လေလံတင်ရောင်းချမယ်ဆိုရင်တောင် ကြမ်းခင်းဈေးကို ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေတွေနဲ့တွေ့ဆုံဆွေးနွေးပြီး ကြမ်းခင်းဈေးသတ်မှတ်ခွင့်မပေးတာ၊ စစ်ကောင်စီ လက်အောက်ခံ ကမာရွတ်ခရိုင်တရားရုံးက ပွင့်လင်းမြင်သာမှုမရှိဘဲ ကြမ်းခင်းဈေး သတ်မှတ်တာတွေဟာ ဥပဒေပြဋ္ဌာန်းချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်နေတယ်လို့ ဥပဒေပညာရှင် ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က  ဝေဖန်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ထောင်ထဲမှာသွားတွေ့ခွင့်ပေးရမှာပေါ့။ အဲ့လို အဲ့လို ဖြစ်နေပြီ ကြမ်းခင်းဈေးဘယ်လောက်သတ်မှတ်မလဲ။ ကျနော်တို့ဘက်က ဘယ်လောက် တင်ပြရမလဲဆိုတာကို ခွင့်ပြုချက်တောင်းရမှာပေါ့။ သူ့ဆီက ဈေးရပြီဆိုရင် ရှေ့နေတွေက ပြန်လာပြီးတော့ ရုံးကိုတင်ပြပေါ့။ ရုံးကသတ်မှတ်ပေါ့။ အဲ့ဒီကြမ်းခင်းဈေးက လေလံပစ်ဖို့ အတည်ဖြစ်တယ်ဆိုလည်း ဦးစွာဝယ်ပိုင်ခွင့်ကို ဒေါ်အောင်ဆန်းစုကြည်ကို စပေးရမှာလေ။ အဲ့ဒီတော့ အဲ့ဒါတွေက တခုမှ လုပ်ထုံးလုပ်နည်းနဲ့တော့ မညီဘူးပေါ့။"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ပြီး ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်း၊ ပုံစံပြောင်းခြင်းတွေကို အရေးယူမယ်လို့ ၂၀၂၂ စက်တင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။

လေလံတင်ဖို့အမိန့်ထွက်လာချိန်မှာ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို အရောင်းအဝယ် လုပ်သူအားလုံး အရေးယူခံရမယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက သတိပေးပြောဆိုထား ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013