DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ  စစ်ကောင်စီစခန်းများကို ကေအိုင်အေ တိုက်ခိုက်
DVB
·
March 7, 2024
မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ  စစ်ကောင်စီစခန်းများကို ကေအိုင်အေ တိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတကြောရှိ စစ်ကောင်စီတပ်စခန်းတွေမှာ မတ်လ ၇ ရက် မနက် ၆ နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို အတည်ပြုပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေါ့ဖုန်းယန်က ခလရ ၁၄၂၊ မြို့သစ်ထဲက ခမရ ၄၃၈ အပါအဝင် မြို့သစ်တပ်စခန်းနဲ့ ဘွမ်ရေဘွမ့် စတဲ့ စစ်ကောင်စီစခန်းတွေကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “စစ်ဆင်ရေးနာမည်တွေ ဘာတွေ တပ်တာတော့ မရှိပါဘူး။ ဒီမနက် ၆ နာရီဝန်းကျင် အချိန်ကနေ စဖြစ်တာပါ။ စခန်းကြီးတွေ သိမ်းတာတော့ မရှိလောက်ပါဘူး ခင်ဗျ။ ရှေ့တန်းက ကာကင်းစခန်းလေးတွေ သိမ်းတာတော့ ရှိမှာပါ။ ဒါပေမဲ့ မြေပြင်အခြေအနေ အသေးစိတ်ကိုတော့ ကျနော်တို့ မရသေးဘူးဗျ။ ပြောလို့တော့ ခက်ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်ဖို့ကတော့ အလားအလာတော့ ရှိပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း ဒီနေ့မနက်  လိုင်ဇာမြို့ထဲက လူနေရပ်ကွက်တွေထဲထိ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့  ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“တိုက်ပွဲဆိုတာက တခါဖြစ်ရင် ဆက်ဖြစ်ဖို့တော့ များပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေလည်း စစ်ရေးအခြေအနေတွေကို သတင်းတွေလည်း အမြဲတမ်း နားစွင့်ပြီးမှ ကိုယ့်ရဲ့ လုံခြုံတဲ့ နေရာဘက်မှာ ရှောင်သွားလို့ရှိရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့နော်။”

လိုင်ဇာမြို့ခံတယောက်ကတော့ ဘယ်နေရာကို ပစ်မှန်းမသိတဲ့ လက်နက်ကြီးသံတွေ ကြားခဲ့ရသလို လေယာဉ်တစင်း မြို့ပေါ်ကနေ ဖြတ်ပျံသွားတာကိုလည်း မြင်လိုက်ရတယ်လို့ ပြောပါတယ်။

“လူဦးရေက များတယ်။ ရွှေ့ပြောင်းသွားတာ ဒီနေ့မနက်ဆို။ ကျမတို့လည်း ဒီမှာရွှေ့မှာပါပဲ။ အခုလည်း အခြေအနေကြည့်နေတာ။ မနက်ဖြန်တော့ မရှိတော့ဘူး ကျမတို့လည်း သွားမှာ။ အားလုံးကတော့ မပြောင်းသေးဘူးပေါ့။ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေတဲ့ အနေအထားမှာ ရှိတယ်။ တချို့ကတော့ ပြင်ဆင်ပြီးသားလူတွေ။”

ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ) အနေနဲ့ ဖားကန့်မြို့နယ်ထဲက တာမခန် တပ်စခန်းဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေသလို မဘိမ်း၊ ဆင်ဘိုနဲ့ နမ့်ဖက်ကာဘက်က တပ်စခန်းတွေ အတော်များများကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးသလို ကချင်ဒေသတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013