DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲနီးကပ်လာသဖြင့် စစ်တွေမြို့ခံများ ဘေးလွတ်ရာ တိမ်းရှောင်
DVB
·
March 6, 2024
တိုက်ပွဲနီးကပ်လာသဖြင့် စစ်တွေမြို့ခံများ ဘေးလွတ်ရာ တိမ်းရှောင်
Donate to DVB

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေက မြို့တော်ရဲ့ အနီးဆုံးကို ရောက်လာသလို စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ရှိနေတာကြောင့် စစ်တွေမြို့မှာရှိတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းက စစ်တွေမြို့ပေါ်မှာရှိတဲ့  မြို့မဈေးထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား တဒါဇင်လောက် သေဆုံးခဲ့သလို အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ ၄ ရက်နေ့မှာတော့ စစ်တွေမြို့နဲ့ မိုင် ၂၀ လောက်ပဲဝေးတဲ့ ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော် (အေအေ) က အပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။

တိုက်ပွဲနဲ့နီးလာတာနဲ့အမျှ စစ်တွေမြို့ခံတွေကတော့ ဘေးလွတ်ရာကို တဖြည်းဖြည်း ထွက်ပြေးနေကြပြီး ဒီရက်ပိုင်းထဲမှာတော့ နေရပ်စွန့်ခွာသူတွေ ပိုတိုးလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပိုက်ဆံတတ်နိုင်သူတွေကတော့ လေကြောင်းနဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေကို ထွက်ပြေးတာတွေရှိသလို တချို့တွေကလည်း ပုံစံမျိုးစုံနဲ့ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပုဏ္ဏားကျွန်းဘက်ထွက်တဲ့ တံတားကို ဖျက်ဆီးထားသလို ပိတ်ဆို့မှုတွေ ရှိတာကြောင့် သွားလို့မရတော့ပါဘူး။ လေကြောင်းနဲ့ဆိုရင်တော့ သိန်းဆယ်ဂဏန်းအထိ ပေးနေရတာပါ။ ရေကြောင်းနဲ့ ထွက်ပြေးရင်တောင် စစ်လှေငှားခက တစီးကို သိန်း ၂၀ ဝန်းကျင်မှာ ရှိနေပြီး စစ်ကောင်စီရဲ့ ရေတပ်ရန်ကိုလည်း ကြောက်နေရတဲ့ အခြေအနေပါ။

လက်ရှိမှာတော့ စစ်တွေမြို့မှာကျန်တဲ့ လူဦးရေဟာ လေးပုံတပုံလောက်ပဲ ရှိတော့ပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေပဲ မြို့ပေါ်မှာကျန်ခဲ့တဲ့ အခြေအနေလို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် အခြေခံစားသောက်ကုန် စျေးနှုန်းကလည်း တရိပ်ရိပ် မြင့်တက်လာနေပြီး အရင်က တသိန်းအောက်ပဲရှိခဲ့တဲ့ ဆန်တအိတ်တောင် နှစ်သိန်းဝန်းကျင်အထိ ရှိနေပြီလို့လည်း ဆိုပါတယ်။ ဒါကြောင့် ကျန်ခဲ့တဲ့ ငွေကြေးမတတ်နိုင်သူတွေအတွက် ပိုပြီး ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ကတော့ ရှောင်တိမ်းသူတွေကို သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လာရောက်ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

ရက္ခိုင့်တပ်တော်က အခုလို ဖိတ်ခေါ်ထားတာကို ဝမ်းသာပေမဲ့လည်း စစ်ကောင်စီဘက်က လေကြောင်းကနေ အေအေထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် သွားရောက်ခိုလှုံဖို့ကလည်း ထင်သလောက်မလွယ်ဘူးလို့ စစ်တွေဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

အေအေကတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အရပ်သားတွေရဲ့ လုံခြုံရေးအတွက် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ မြို့တော်စစ်တွေ အပါအဝင် ရခိုင်တပြည်နယ်လုံးကို ဘက်ပေါင်းစုံက ပိတ်ဆို့ထားတာကြောင့် ရခိုင်လူထုဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

ဒါ့အပြင် အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကလည်း ရခိုင်ပြည်နယ် အပါအဝင် တနိုင်ငံလုံးမှာ အဆိုးဝါးဆုံး အခြေအနေ ဖြစ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံး အရေးယူဖို့ လိုနေပြီလို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ဘက်ကတော့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ တောင်ပြို၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်ဝတို့ကို အပြီးသတ် သိမ်းပိုက်ထားပြီး ရခိုင်တပြည်နယ်လုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013