DVB Logo
Home
မြန်မာသတင်း
ထိုင်းအစိုးရ၏ လူသားချင်းစာနာမှုအကူအညီများ ထိရောက်ရန်လိုအပ် 
DVB
·
March 6, 2024
ထိုင်းအစိုးရ၏ လူသားချင်းစာနာမှုအကူအညီများ ထိရောက်ရန်လိုအပ် 
Donate to DVB

ထိုင်းအစိုးရရဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာအကူအညီပေးရေးကိစ္စက ကောင်းမွန်တဲ့ အလားအလာတွေရှိပေမဲ့ နယ်စပ်ဖြတ်ကျော်ရေးမူဝါဒကို ဖြေလျှော့ပေးဖို့ လိုသလို ထိရောက်တဲ့ ကူညီပေးရေးဖြစ်ဖို့လည်း လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ လွှတ်တော်မှာ နိုင်ငံရေးဩဇာကြီးမားတဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ မြန်မာအရေးဆွေးနွေးပွဲကို  ဘန်ကောက်မြို့မှာ  မတ်လ ၂ ရက်နဲ့ ၃  ရက်က ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံကို လူသားစာနာအကူအညီပေးရေးကိစ္စကိုလည်း အလေးပေး ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့  Progressive Voice အရပ်ဘက်အဖွဲ့အစည်းတွေကနေ သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာကို ကန့်ကွက်ပြီး နယ်စပ်တလျှောက်မှာ လူသားစာနာကူညီရေးတွေ လုပ်ဆောင်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဖက် အဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ အကြံပြုချက်တွေ ပေးခဲ့ရမှာ ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေ ရရှိခဲ့တယ်လို့ Progressive Voice ရဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ဒီဗွီဘီကို ပြောပါတယ်။

“ကျမမြင်တာတော့ ရှေ့ဆက်မှာ ထိုင်းနိုင်ငံဘက်ကနေပြီးတော့ မြန်မာ့အရေးကို ဆောင်ရွက်ဖို့အတွက် အလားအလာ ကောင်းတယ်လို့ ကျမမြင်တယ်။ ဒါပေမဲ့ ဒီအစည်းအဝေးပွဲမှာက ဆုံးဖြတ်ချက်ချတဲ့နေရာလည်း မဟုတ်တဲ့အတွက် အဖြေတော့ ထုတ်လို့မရဘူး။ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက်မကျသော်လည်း ဒီအစည်းအဝေးမှာ ကျမတို့ တင်ပြလိုက်တဲ့ဥစ္စာတွေ အကုန်လုံးကို ကျမကို ပြောပြတဲ့ဟာအရပေါ့နော်။ ဒီတာဝန်ရှိသူတွေက ကျမကို ပြန်ဆွေးနွေးတာအရဆို ဒီဟာတွေက သူတို့အစိုးရရဲ့ ပေါ်လစီတွေ၊ မူဝါဒတွေ၊ ဆုံးဖြတ်ချက်တွေ လုပ်မယ့်ဟာတွေမှာ သူတို့ လွှတ်တော်ဘက်မှာ ပြန်ပြီးဆွေးနွေးမယ့်ဟာတွေ ဖြစ်သွားလိမ့်မယ်၊ အကြံပြုမယ့်ဟာတွေ ဖြစ်သွားလိမ့်မယ်လို့ပဲ ကျမမြင်တယ်၊ ဒါဟာ အင်မတန် အားကောင်းတဲ့အချက်လို့ပဲ ပြောရမှာပါ။”

လူသားစာနာအကူအညီလို့ ဆိုတဲ့နေရာမှာ စစ်ဘေးကနေ ထွက်ပြေးလာတဲ့ နယ်စပ်ဖြတ်ကျော် နေထိုင်သူအပေါ် အရေးယူဆောင်ရွက်တဲ့ မူဝါဒတွေကိုလည်း ဖြေလျှော့ပေးဖို့ မြေပြင်အဖွဲ့တွေက အကြံပြုပါတယ်။

နယ်စပ်တလျှောက်မှာ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် နေထိုင်သူတွေကို နေရာထိုင်ခင်းပေးရုံတင် မဟုတ်ဘဲ လယ်ယာစိုက်ပျိုးမွေးမြူဖို့ နည်းပညာနဲ့ အလုပ်အကိုင်တွေ ပေးခြင်းဖြင့်လည်း ဒုက္ခသည်အရေးကို ကူညီဖြေရှင်းပေးရာ ရောက်တယ်လို့ Committee for Internally Displaced Karen People (C.I.D.K.P) ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး စောခဲလေ က အကြံပြုပြောပါတယ်။

“ထိုင်းအနေနဲ့က လူပေါင်း နှစ်သောင်းလေးလောက်ကို ကူညီတာထက် သူတို့ လုပ်နိုင်တာတွေ အများကြီး ရှိတာပေါ့နော်။ ထိုင်းအစိုးရအနေနဲ့ လူသားချင်းစာနာမှုကူညီရေးမှာဆိုရင် တကယ့် ထိရောက်အောင် လုပ်နိုင်တဲ့ အကြံပြုချက်ကိုလည်း သူတို့ ကိုယ်စားပြုကိုယ်စားလှယ်ကနေ ပြောသွားတာလည်း ရှိတယ်ပေါ့။ အဲဒါက မြေပြင်မှာ အလုပ် လုပ်နေတဲ့သူတွေနဲ့ အတူ အလုပ်မလုပ်ချင်သည့်တိုင်အောင် ဘယ်လို လုပ်တယ်ဆိုတာ လေ့လာပါ အကြောင်းအရာ အချက်အလက်ကို ယူပါဆိုပြီး ထိရောက်အောင်ဘယ်လိုမျိုး လုပ်လို့ရမယ်ဆိုတာ စသည်ဖြစ်ပေါ့၊ ဒါ သူတို့ လုပ်သင့်တယ်လို့ ထင်တယ်။ သူတို့ရဲ့ပေါ်လစီလို့ ပြောမလား၊ သူတို့ရဲ့ နယ်စပ်ဖြတ်ကျော် စည်းမျဉ်းစည်းကမ်းတွေကို ပြောမလား တမျိုးမျိုးအနေနဲ့ ဖြေလျော့ပြီးတော့ လိုအပ်တဲ့ အကူအညီတွေကို လိုအပ်တဲ့သူဆီကို ထိရောက်စွာ ရောက်နိုင်ဖို့ဆိုတာ အရမ်းအရေးကြီးတယ်ပေါ့။ အဲဒါ လုပ်ဖို့တော့ ကျနော်တို့အကြံပေးချင်တယ်။”

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့  မကြာခင် ထိုင်း-မြန်မာ နယ်စပ်နေရာ ၃ ခုမှာ  လူပေါင်း ၂၀,၀၀၀ ဆံ့တဲ့ စစ်ရှောင်ကူညီရေးစင်တာ ၃ ခု ဖွင့်လှစ်မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပြောဆိုထားတာရှိပါတယ်။

ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်၊ တနင်္သာရီတိုင်း စတဲ့ ဒေသတွေအပါအဝင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ IDPs ရွှေ့ပြောင်းဒုက္ခသည်ပေါင်း တသန်းကျော်ရှိနေတယ်လို့ CIDKP ရဲ့ စာရင်းတွေအရ သိရပါတယ်။

တနိုင်ငံလုံး အနေအထားအရ လူသားစာနာအကူအညီတွေ လိုအပ်တဲ့ လူပေါင်း ၁၈ ဒသမ ၆ သန်း ရှိလာပြီး အရေးပေါ်ကူညီဖို့ လိုအပ်တဲ့ လူပေါင်း ၅ ဒသမ ၃ သန်းရှိနေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013