DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ ပြန်လည်ဝင်ရောက်ရေး ယူအင်အက်ဖ်စီ ယုံကြည်
DVB
·
September 3, 2014
ကေအန်ယူ ပြန်လည်ဝင်ရောက်ရေး ယူအင်အက်ဖ်စီ ယုံကြည်
Donate to DVB

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီကနေ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက ယာယီဆိုင်းငံ့ထားပေမယ့် အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်လာလိမ့်မယ်လို့ ယူအင်အက်ဖ်စီ ခေါင်းဆောင်တွေက မျှော်လင့်နေပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၇ ရက်ကြာ ကျင်းပတဲ့ ညီလာခံမှာ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ နုတ်ထွက်ပြီး အဖွဲ့ဝင်အဖြစ်ကနေပါ ဆိုင်းငံ့ခဲ့တာပါ။

unfc pressယူအင်အက်ဖ်စီ ဒုဥက္ကဋ္ဌ ၁ နိုင်ဟံသာက ကရင်အမျိုးသားအစည်းအရုံး ညီလာခံကနေ ထွက်ခွာသွားတာဟာ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ဖြစ်ပြီး ပြန်လည်ပူးပေါင်းလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သူတို့ ကိုယ်စားလှယ်တွေကို ရုပ်သိမ်းသွားတဲ့ကိစ္စကတော့ အဓိကအားဖြင့် ဖွဲ့စည်းပုံကိစ္စမှာ အများစုကတော့ အရင်အတိုင်းပဲ ဖွဲ့စည်းပုံကို ဗဟိုအလုပ်အမှုဆောင်တွေ၊ ဥက္ကဋ္ဌတွေ အတွင်းရေးမှူးတွေနဲ့ အဲဒီလို ပုံစံမျိုးနဲ့ လုပ်သွားရင် ဒီကနေ့ အနေအထားမှာ နိုင်ငံရေး အပြောင်းအလဲကလည်း မြန်တယ်ဆိုတော့ အရေးလည်းကြီးနေတယ်ဆိုတော့ အမြဲတမ်း စုစုစည်းစည်းနဲ့ ဖြစ်နိုင်ရေးကို အများစုက သဘောကျပါတယ်။ ကေအန်ယူရဲ့ တင်ပြမှုကတော့ နိုင်ငံရေးဦးဆောင်အဖွဲ့ထားမယ်။ ပြီးအတွင်းရေးမှူး ၃ ဦး (သို့) ငါးဦးထားပြီး ကျန်တဲ့ဟာမှာ ရေးရာဌာနတွေ ဖွဲ့စည်းပြီး။ သဘောကတော့ ဗဟိုချုပ်ပိုင်မှု ပိုပြီးတော့ နည်းတဲ့ ပုံစံမျိုးပေါ့ဗျာ။ အဲလိုသဘောမျိုး သူတို့က တင်တော့ နည်းနာအသစ်လည်းဖြစ်နေတယ်။ သူများတွေနဲ့ အတွေ့အကြုံမရှိတဲ့၊ မရင်းနှီးခဲ့တဲ့ ဖွဲ့စည်းပုံအသစ်ဖြစ်နေတော့ ကနေ့အနေအထားမှာ အများကနေ ဒီပုံစံအသစ်နဲ့ဆိုရင် စုစည်းမှုဟာ အားပျော့သွားနိုင်တယ်။ လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် အဆုံးအဖြတ်ပေးဖို့ ခဲယဉ်းမယ်ဆိုပြီးတော့မှ အများက လက်မခံတဲ့အပေါ်မှာ ကေအဲန်ယူက ဌာနချုပ်မှာ ပြန်လည်တိုင်ပင်ရမယ်။ ဖွဲ့စည်းပုံအသစ်နဲ့ လိုက်နိုင် မနိုင်ပေါ့ ပြန်သွားတာပါ။ ပူးပေါင်းမယ် မပူးပေါင်းဘူးဆိုတာကတော့ ပြန်လည်ပူးပေါင်းဖို့က အများကြီး များပါတယ်” လို့ ပြောပါတယ်။

ဒီညီလာခံကနေ ကေအန်ယူ ပြန်လည်ပူးပေါင်းတဲ့အခါ တာဝန်ထမ်းနိုင်ဖို့အတွက် ဒုဥက္ကဋ္ဌ ၁ တာဝန်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စုစုပေါင်း ၂ ဦးကို လျာထားချန်လှပ်ထားပါတယ်။

သူက “သူတို့ရဲ့ ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် ကွန်ဂရက်မှာ ကျနော်တို့တိုင်းရင်းအင်အားစုအတွင်းမှာ ခိုင်မာတဲ့ တပ်ပေါင်းစုတခု ရှိဖို့လိုတယ်။ တိုင်းရင်းသားတွေ စုစုစည်းစည်းရပ်တည်မှပဲ အောင်ပွဲနဲ့ နီးစပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်အရ ကျနော်တို့မြင်တာကတော့ ဗဟိုကော်မတီပြန်ထိုင်မယ်။ ယူအင်အက်ဖ်စီနဲ့ ပြန်ပြီးတော့ ပူးပေါင်းလိမ့်မယ်လို့ ခန့်မှန်းပါတယ်” လို့ ပြောပါတယ်။

ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးဦးဆောင်တဲ့ ကေအန်ယူကိုယ်စားလှယ်တွေဟာ ညီလာခံကနေ နုတ်ထွက်သွားသလို ယူအင်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်ကနေပါ ယာယီဆိုင်းငံ့ ကြောင်း ကေအန်ယူက စက်တင်ဘာ ၁ ရက်မှာ စာထုတ်ပြန်ခဲ့ပါတယ်။

ယူအင်အက်ဖ်စီအဖွဲ့အနေနဲ့ အဖွဲ့ဝင်တွေအပေါ် ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အချုပ်အခြာ အာဏာပိုင်အဖွဲ့အစည်းတခုလို ဆောင်ရွက်နေတာကို လက်မခံနိုင်တာကြောင့် ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်တဲ့ အခြေအနေမျိုးကို ပြောင်းလဲ ကျင့်သုံးမှုကို လိုလားတယ်လို့ ဆိုပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက “တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ အမြင်မတူကြတာပဲဖြစ်တယ်။ တကယ်တော့ ဘာမှ ခွဲခြားတာ မရှိဘူး။ တကယ်ပဲ အာဏာရှင်ဆန်တယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့တွေလည်း နုတ်ထွက်သွားမှာပဲ ဖြစ်တယ်”လို့ ပြောဆိုပြီး ကေအဲန်ယူကို အဖွဲ့ဝင်အဖြစ် ပြန်လည်ဆောင်ရွက် လာအောင် ကြိုးပမ်းမယ်လို့ သူက ပြောပါတယ်။

ကေအန်ယူအနေနဲ့ လာမယ့်သီတင်းပတ်တွေမှာ ခေါင်းဆောင်တွေအစည်းအဝေးခေါ်ယူပြီး အဖွဲ့ဝင်အဖြစ် ဆက်နေ မနေ ဆုံးဖြတ်မှာဖြစ်ပြီး ဒီလုပ်ဆောင်ချက်ကြောင့် လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်သလို ကေအန်ယူက အစိုးရနဲ့ သီးခြားခွဲပြီး တပြည်လုံး အပစ်ရပ်လက်မှတ်မထိုးဘူးလို့ ရေးထားပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးမျုား ဖက်ဒရယ်ကောင်စီရဲ့ ပထမအကြိမ်ညီလာခံကနေ ဆုံးဖြတ်ချက် ၆ ရပ်ချမှတ်ခဲ့ပါတယ်။

ညီလာခံကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေထဲနဲ့ ပတ်သက်လို့ ယူအင်အက်ဖ်စီ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က “ညီလာခံအထမြောက်မှု၊ ယခင်သက်တမ်းအတွင်း အလုပ် အမှုဆောင်တွေ ဆောင်ရွက်ချက်အပေါ် သုံးသပ်ပြီး အတည်ပြုပြဋ္ဌာန်းမှု၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) ကို အဖွဲ့ဝင်အဖြစ် လက်ခံတာကို ညီလာခံကနေ အတည်ပြုဆုံးဖြတ်မှု၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးရတဲ့အထိ ဆောင်ရွက်သွားဖို့၊ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးနဲ့ ကေအန်ယူ ဒု-ဥက္ကဋ္ဌက သဘာပတိထံပေးစာတွေကို တရားဝင်ပြန်ကြားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကေအန်ယူအနေနဲ့ သူတို့ ဗဟိုကော်မတီအစည်းအဝေးပြီးတဲ့အခါ ယူအင်အက်ဖ်စီ ကိုယ်စားလှယ်အဖြစ် တရားဝင် ပြန်လည်ဝင်လာဖို့အတွက် ကျနော်တို့ အမြဲတမ်းကြိုဆိုတယ်။ အဲသလိုလုပ်မယ်လို့လည်း မျှော်လင့်တဲ့အကြောင်း ဆုံးဖြတ်တာရှိပါတယ်” လို့ ပြောပါတယ်။

ဒီညီလာခံကနေ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်သက်တမ်းအတွက် ညီလာခံကနေ ဖက်ဒရယ်ကောင်စီဝင် ၄၂ ဦးကို ရွေးချယ်ခဲ့သလို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၂ ဦးကို ထပ်မံရွေးချယ်ခဲ့ပါတယ်။ ယူအင်အက်ဖ်စီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံးအတွက် နှစ်ဦးချန်လှပ်ထားပါတယ်။

ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ဒုတိယဥက္ကဋ္ဌ ၁ အဖြစ် နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌ ၂ အဖြစ် (ကေအဲန်ယူအတွက်ချန်လှပ်ထား) အထွေထွေအတွင်းရေးမှူးက ခူးဦးရယ်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ အဖြစ် ဆလိုင်းထလာဟေး တို့ကို ရွေးကောက်တင်မြှောက်ခဲ့သလို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာ လားဂျာ။ ဗိုလ်ချုပ်ဘီထူး၊ ဒူဝါ ဘွန်ဝမ်လာရော်၊ စ၀်စိုင်းထူး၊ ဒေါက်တာခင်မောင်နဲ့ (ကေအဲန်ယူအတွက်လျာထား) တို့ ဖြစ်ပါတယ်။

တခြားထူးခြားချက်အဖြစ် ကေအဲန်ယူထုတ်ပြန်ချက်မှာ ယူအင်အက်ဖ်စီ မဟုတ်ပေမယ့် တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)မှာ ဆက်လက် ကိုယ်စားပြုပါဝင်သွားမှာဖြစ်သလို အစိုးရနဲ့ သီးခြားလက်မှတ်ထိုးသွားဖို့ မရှိဘူးလို့ ဆိုပါတယ်။

ယူအင်အက်ဖ်စီ ညီလာခံထုတ်ပြန်ချက်မှာတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အန်စီစီတီဟာ ယူအင်အက်ဖ်စီနဲ့ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ အလုပ်အဖွဲ့ဖြစ်ပြီး ဒီအလုပ်အဖွဲ့ဟာ ယူအင်အက်ဖ်စီက ချမှတ်ထားတဲ့မူတွေနဲ့အညီ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေတာဖြစ်တယ်လို့ ညီလာခံကနေ ဆုံးဖြတ်ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013