DVB Logo
Home
မြန်မာသတင်း
Full Way အထည်ချုပ်စက်ရုံပိတ်သိမ်းရာတွင် လုပ်သက်ခွင့်ကြေးနှင့်နို့တစ်ကြေးများ မရ
DVB
·
March 5, 2024
Full Way အထည်ချုပ်စက်ရုံပိတ်သိမ်းရာတွင် လုပ်သက်ခွင့်ကြေးနှင့်နို့တစ်ကြေးများ မရ
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် Full Way Myanmar Clothing အထည်ချုပ်စက်ရုံအပြီးသတ် ပိတ်သိမ်းသွားရာမှာ အလုပ်သမား ၁၉၇ ဦး နို့တစ်ကြေး ၁ လစာနဲ့ လုပ်သက်ခွင့်ကြေးတွေ မရရှိခဲ့ဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်ကစလို့ စက်ရုံ ၁ လပိတ်ထားပြီး အဆိုပါလအတွက် လုပ်ခပေးချေမှုကိုတော့ ဖေဖော်ဝါရီ ၅ ရက်မှာ အခြေခံလုပ်ခလစာနဲ့ ထောက်ပံ့ကြေးရရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ လုပ်ခလစာပေးချေမယ်ဆိုပြီး စက်ရုံပိတ် နစ်နာကြေးပေးချေခဲ့တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

"လစာထုတ်ပေးမယ်ဆိုပြီး ၁၀ နာရီကနေ ၁၂ နာရီအထိပဲ ထုတ်ပေးမှာ၊ နောက်ကျရင် ထုတ်မပေးဘူးဆိုလို့ သွားကြတာ။ ရောက်တော့ လစာမဟုတ်ဘူး လျော်ကြေးပေးမှာတဲ့။ လျော်ကြေး ဘယ်လိုပေးမှာလဲဆိုတော့ နို့တစ်ကြေးတွေ လုပ်သက်ခွင့်ကြေးတွေ မပေးဘဲ အခြေခံလစာ ၁၇၀၀၀ ကျော်နဲ့ ၉ နှစ်သမားကို ၆ လစာနဲ့ရှင်းပေးတယ်။ ကျန်တာ ဘာကြေးမှ မပေးဘူး။ ညီမတို့လုပ်ထားတဲ့ လုပ်သက်ကြေးတွေနဲ့ နို့တစ်ကြေးတွေ လိုချင်တာပေါ့။ ပေးဆပ်ထားရတာ။" 

လုပ်ခလစာပေးချေရာမှာ လစာနှုန်းထားကို  ဒေးကြေး ၄,၈၀၀ နှုန်းနဲ့ ထောက်ပံ့ကြေး ၁၀၀၀ ကျပ် အပါ စုစုပေါင်း ၁၇၄,၀၀၀ ကျပ်ဖြစ်ပြီး နစ်နာကြေးပေးချေရာမှာလည်း အဲ့ဒီနှုန်းထားနဲ့ ရှင်းပေးခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ Full Way Myanmar Clothing အထည်ချုပ်စက်ရုံကို ရွှေသံလွင်စက်မှုဇုန် မင်းဧရာလမ်း အမှတ် ၈၃ မှာ ဖွင့်လှစ်ထားပြီး အရင်က ကိုယ်ပိုင်အော်ဒါနဲ့ ရပ်တည်ခဲ့ပေမဲ့ အော်ဒါမရှိလို့ တခြားရုံတွေက ယူချုပ်နေရတာ ၁ နှစ်လောက်ရှိပြီလို့ စက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။

"ညီမလုပ်သက်က ၉ နှစ်ကြာခဲ့ပြီ။ အခု ၁၁ သိန်းကျော်ပဲ ရခဲ့တယ်။ ပြောရရင်အလုပ်သမားတွေက နှုတ်ပိတ်ပြီး ပေးသလောက်ယူသွားရတာမျိုးဖြစ်သွားတာပေါ့။ အလုပ်သမားတွေအပေါ် မတရားဘူးလို့ ထင်တယ်။ အလုပ်သမားတွေက နှစ်တွေနဲ့ ပေးဆပ်ထားရတာ အမှန်တကယ်ဆိုရင် နှစ်အလိုက်ကို သေချာရှင်းပေးရမှာ။ လုပ်သက်ခွင့် ဘယ်လောက်ကျန်လဲ၊ လစာ ဘယ်လောက်ကို ဘယ်နှနှစ်ကြာရင် ဘယ်လောက်ရမယ်ဆိုတာ တွက်ချက်ပြီး ပေးသင့်တာ။ သူဌေးကမလာဘူး ကိုယ်စားလှယ်နဲ့ လွှဲပြီး ရှင်းပေးခဲ့တာ။ အလုပ်သမားဥပဒေ စည်းကျပ်တဲ့ အလုပ်သမားရုံးတွေက ဖြေရှင်းပေးနိုင်တာမရှိဘူး။ ရှင်းရှင်းလေးပဲလေ ညီမတို့ အလုပ်သမားတွေဘက်က တခုခုမှားယွင်းခဲ့ရင် ဥပဒေဆိုတာရှိတယ်။ အလုပ်ရှင်ဘက်က ခုလိုမှားယွင်းတော့ ဥပဒေဆိုတာ ဘယ်မှာလဲ" လို့ နှစ်ကြီးအလုပ်သမားတဦးက ပြောပါတယ်။

Full Way Myanmar Clothing အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၉၇ ဦးလုပ်ကိုင်ခဲ့ရာ ၁၅၀ ကျော်မှာ အမျိုးသမီးလုပ်သားတွေဖြစ်ပြီး အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင်အလုပ်သမားတွေနဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေ အများဆုံးပါဝင်ကြောင်း သိရပါတယ်။

လက်ရှိမှာ အလုပ်သမားတွေက လုပ်သက်ခွင့်ကြေးတွေနဲ့ နို့တစ်ကြေးတွေကို စက်ရုံဘက်က ပေးချေဖို့ ကျန်ရှိနေသေးတာကြောင့် အလုပ်သမားရေးရာလုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) ကတဆင့် အလုပ်သမားရုံးတွေကို စာပို့တိုင်ကြားထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013