DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာနိုင်ငံသားများက ဈေးကြီးကွန်ဒိုအခန်းများ ဝယ်ယူမှု မြင့်တက်
DVB
·
March 5, 2024
ထိုင်းတွင် မြန်မာနိုင်ငံသားများက ဈေးကြီးကွန်ဒိုအခန်းများ ဝယ်ယူမှု မြင့်တက်
Donate to DVB

မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်နဲ့ မငြိမ်မသက်မှုတွေကြောင့် ချမ်းသာတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ ခိုလှုံဖို့ တိုက်ခန်းတွေ အလုအယက် ဝယ်ယူနေကြပြီး ဝယ်တဲ့အခန်းစျေးကလည်း ပျမ်းမျှ ၆ ဒသမ ၅ သန်းတောင် ရှိတယ်လို့ The Nation  သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံသားတွေဟာ စတုရန်းမီတာ ၅၀ ကျော်ရှိတဲ့ စျေးမြင့်တဲ့ ပိုကျယ်တဲ့အခန်းတွေကို ပိုကြိုက်ကြတယ်လို့ အစိုးရအိမ်ရာဘဏ်နဲ့ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) က တာဝန်ရှိအရာရှိတဦးဖြစ်တဲ့ ဝီချိုင်းဝီရတ်ကပန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အခန်းဝယ်ယူမှု၊ အထူးသဖြင့် ကွန်ဒိုမီနီယံ ဝယ်ယူမှုဟာ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်အထိ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်မှာ ဝယ်ယူမှုအများဆုံး နိုင်ငံခြားသား စာရင်းမှာ မြန်မာက ထိပ်တန်း ၁၀ နိုင်ငံစာရင်း မဝင်ခဲ့ပါဘူး။

ဒါပေမဲ့ စာရင်းအင်းတွေအရ ၂၀၂၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းဘတ် ၃ ဒသမ ၇၁ ဘီလီယံတန်တဲ့ အခန်း ၅၆၄ ခန်းအထိ ဝယ်ယူခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ၃၄၉ ခန်း ဝယ်ယူခဲ့ပြီး  ၂၀၂၁ ခုနှစ်တုန်းက အခန်း ၃၀ ပဲ ဝယ်ခဲ့တာနဲ့ယှဉ်ရင် တနှစ်ထက်တနှစ် တဟုန်ထိုး မြင့်တက်လာတာကို တွေ့နိုင်ပါတယ်။

ဒါကြောင့် ၂၀၂၂ ကတည်းက မြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာ အိမ်ခြံမြေဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ တတိယနေရာလိုက်လာပြီး တရုတ်နဲ့ ရုရှားကိုပါ ကျော်သွားပြီ ဖြစ်ပါတယ်။

မြန်မာတွေဝယ်တဲ့ အိမ်ခန်းစျေးကလည်း ပျမ်းမျှ ၆ ဒသမ ၅ သန်းတောင် ရှိတာကြောင့် တရုတ်နဲ့ ရုရှား ဝယ်လက်တွေထက် ပျမ်းမျှစျေးပိုကြီးတဲ့အခန်းတွေ ဝယ်တာလို့ ဆိုနိုင်ပါတယ်။

မြန်မာတွေဟာ ဘန်ကောက်၊ ဖူးခက်နဲ့ ချင်းမိုင်မှာ အဓိက ဝယ်လိုအားများတာလို့ Collier Thailand ရဲ့ စီမံကိန်းဖွံ့ဖြိုးရေးအကြံပေးနဲ့ ဒုတိယအထွေထွေမန်နေဂျာ ကာလို ပိုဘရီ က ပြောပါတယ်။

ဘန်ကောက်မှာဆိုရင် မြန်မာနိုင်ငံသား ဝယ်လက်တွေက Sukhumvit, Phrom Phong နဲ့ Asoke  တို့လို နေရာကောင်းတွေနဲ့ ဆေးရုံ၊ အင်တာနေရှင်နယ်စကူးလ်၊ ရှော့ပင်းမောလ်၊ ဟိုတယ်၊ ဘတ် ၁၀ သန်းနဲ့ သန်း ၂၀ ကြား အဆင့်မြင့်ကွန်ဒိုအခန်းတွေကို ပိုလူကြိုက်များကြတယ်လို့ ဆိုပါတယ်။

အလယ်လတ်တန်းစား ဘတ် ၅ သန်းနဲ့ ၁၀ သန်းကြား အခန်းတွေဆိုရင်တော့ BTS ဘူတာရုံတွေနဲ့နီးတဲ့ အခန်းတွေ ပိုကြိုက်ကြတယ်လို့ ဆိုပါတယ်။

ဒီအပိုင်းကတော့ Ari နဲ့ Phya Thai ဧရိယာနားက အခန်းတွေ အဓိက အရောင်းအဝယ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဖူးခက်မှာတော့ ဘတ် သန်း ၄၀ အထက် ရေကူးကန်ပါတဲ့ အိမ်ကြီးတွေ (Pool Villa) တွေကို ပိုကြိုက်ကြပါတယ်။

မြန်မာပြည်က သူဌေးကြီးတွေ၊ သီးသန့်ဆန်တဲ့ အကောင်းဆုံး နေရာထိုင်ခင်းမျိုး ကြိုက်ကြသူတွေ အဝယ်များပါတယ်။

ချင်းမိုင်မှာတော့ မိသားစုတစု နေလောက်တဲ့ ဘတ် သန်း ၂၀ နဲ့ ၃၀ ကြား အိမ်တွေ ပိုလူကြိုက်များပြီး အငြိမ်းစားတွေ၊ မြို့ပြင်ဘက် အေးအေးချမ်းချမ်း နေချင်တဲ့သူတွေ အဝယ်များတယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013