DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် မီး ၂ ကြိမ်လောင်ပြီး နေအိမ်၊ ဆိုင်ခန်း၊ ကားနှင့် ဆိုင်ကယ်များ ပျက်စီး
DVB
·
March 5, 2024
မန္တလေးတွင် မီး ၂ ကြိမ်လောင်ပြီး နေအိမ်၊ ဆိုင်ခန်း၊ ကားနှင့် ဆိုင်ကယ်များ ပျက်စီး
Donate to DVB

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တို့မှာ မီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူနေဆိုင်ခန်းတွေနဲ့ ကား ၁ စီး၊ ဆိုင်ကယ် ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၇၆ လမ်း၊ ၄ လမ်း × ၅ လမ်း၊ စည်သာလမ်းကြားမှာ မတ်လ ၅ ရက် မနက် ၄ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် Level 1 အဆင့် မီးငြှိမ်းသတ်ရေးယာဉ်အုပ်စုတွေ လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်မှုဟာ ‌၁၀ ပေ × ပေ ၅၀ အတွင်း ဖွင့်လှစ်ထားတဲ့ ခေါက်ဆွဲဆိုင်ကနေ စတင်ခဲ့တာလို့ သိရပြီး မီးလောင်မှုကြောင့် ခေါက်ဆွဲဆိုင် အပါအဝင် ဆိုင်ခန်း ၅ ခန်းနဲ့ လူနေအိမ် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အရပ်ဘက်အသင်းဝင်တဦးက “ဆိုင်တန်း ၁ တန်းနဲ့ အိမ် ၁ လုံး ပါသွားတယ်။ ဆိုင်တန်းမှာ အတွဲလိုက် ၅ ခန်းရှိတယ်။ ဖုန်းဆိုင်၊ ဖိနပ်ဆိုင်၊ အထည်ဆိုင်တွေပါ။ ၁၀ ပေပတ်လည်လေးတွေ” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပြီး မီးသတ်နဲ့ အရပ်ဘက် ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၄ နာရီ မိနစ် ၅၀ မှာ မီးထိန်း၊ ၄ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်း × ၄၉ လမ်း မနော်ဟရီလမ်းရှိ လိုတရ ဆီဆိုင်မှာ မတ်လ ၄ ရက် ညနေ ၃ နာရီ ၅၈ မိနစ်လောက်က Level 1 အဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဟာ ဆီဆိုင်ကို 92 ဆီလာပို့တဲ့ ဂါလံ ၃,၂၀၀ ဆန့် ဆီဘောက်ဆာယာဉ်ကနေ ဆီသိုလှောင်ကန်ကို ဖြည့်သွင်းနေရင်း မီးပွားစင်ကာ ဆိုင်ကယ် ၃ စီးနဲ့ Lexus LX 570 အိမ်စီးကား ၁ စီးကို ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တဦးက “ဆီလာဖြည့်တဲ့ အိမ်စီးကား အဖြူတစီးနဲ့ ရပ်ထားတဲ့ ဆိုင်ကယ် ၃ စီးတော့ ပါသွားတယ်။ မြေအောက်ကန်အထိတော့ မီးမကူးဘူး။ ဆီလက်ကျန်ရှိတာတွေတော့ လောင်သွားတယ်။ အသေးစိတ်တော့ စစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။

မီးသတ်နဲ့ အရပ်ဘက်အသင်းတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၄ နာရီ ၄ မိနစ်မှာ မီးထိန်း၊ ညနေ ၄ နာရီ ၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှု ၂ ကြိမ်အတွင်း လူထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပြီး ပျက်စီးမှုတန်ဖိုး အသေးစိတ်ကို သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့တွေက စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ- မန္တလေးတိုင်းမီးသတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013