DVB Logo
Home
မြန်မာသတင်း
မူးယစ်ရာဇာ ဝေရှောက်ခန်း၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ထိုင်းနှင့် ဆွစ်ဇာလန် သဘောတူ
DVB
·
March 4, 2024
မူးယစ်ရာဇာ ဝေရှောက်ခန်း၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ထိုင်းနှင့် ဆွစ်ဇာလန် သဘောတူ
Donate to DVB

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့က ဖမ်းဝရမ်းထုတ်ထားတဲ့ UWSA ‘ဝ’ တပ်ဖွဲ့က နာမည်ကျော် မူးယစ်ရာဇာ ဝေရှောက်ခန်းနဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့  ထိုင်းနဲ့ ဆွစ်ဇာလန်နိုင်ငံတို့  သဘောတူလိုက်ကြောင်း Thai post သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတရားခံတယောက်ဟာ ဝရမ်းပြေး ဝေရှောက်ခန်းနဲ့ ဆက်နွှယ်နေသလို သူ့ရဲ့ ပိုင်ဆိုင်မှုတချို့ကိုလည်း ဆွစ်ဇာလန်နိုင်ငံရှိ ဘဏ်တိုက်မှာ သိမ်းဆည်းခဲ့တယ်။

ထိုင်းဥပဒေအရ မူးယစ်တရားခံတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းရမှာဖြစ်တာကြောင့် ထိုင်းမှာရှိတဲ့ ပိုင်ဆိုင်မှုတွေအပြင် နိုင်ငံခြားမှာ သိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်းရမှာ ဖြစ်တယ်။

ဒါကြောင့် နိုင်ငံတကာရာဇဝတ်မှု ပူးပေါင်းနှိမ်နင်းရေးဥပ‌ဒေနဲ့အညီ ဆွစ်ဇာလန်ဘဏ်မှာရှိတဲ့ မူးယစ်တရားခံရဲ့ ငွေတွေပါသိမ်းယူခွင့်ပြုဖို့ ထိုင်းနိုင်ငံ အဂတိလာဘ်စားမှုတိုက်ဖျက်ရေးဌာနနဲ့ တရားရေးဌာနက ဆွစ်ဇာလန်နိုင်ငံကို အမှုတွဲ၊ သက်သေအထောက်အထားတွေနဲ့အတူ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက တောင်းဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနဲ့ ဆွစ်ဇာလန် နှစ်နိုင်ငံ တာဝန်ရှိသူတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က တကြိမ်ဆွေးနွေးခဲ့ပြီး ၂၀၂၄ မတ်လ ၂ ရက်နေ့မှာတော့ ဆွစ်ဇာလန်ဘဏ်မှာ အပ်ထားတဲ့ မူးယစ်ရာဇာ ဝေရှောက်ခန်းရဲ့ ပိုင်ဆိုင်မှု ဘတ်ငွေ ၇၆ , ၈၉၆ , ၇၃၃ ( ဘတ် ၇၆ သန်းကျော် ) နဲ့ ညီမျှတဲ့ ငွေကြေးကို ဘဏ်တိုးငွေတွေနဲ့အတူ ပြန်အပ်ဖို့ သဘောတူခဲ့တယ်လို့  ထိုင်းနိုင်ငံ ဗဟိုတရားရုံး လက်ထောက်တရားသူကြီးချုပ် နိုင်းကျူမ်ဖုန်းဖန်းဆမ်ရိတ့်က သတင်းထောက်တွေကို ပြောပါတယ်။

မူးယစ်တရားခံတဦးကို ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ၂၀၁၆ ဩဂုတ်လမှာ ဖမ်းဆီးရမိပြီး ၂၀၁၇ ခုနှစ်မှာ ဗဟိုတရားရုံးက သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံး သိမ်းဆည်းဖို့ စီရင်ချမှတ်ခဲ့တာပါ။ တရားခံရဲ့ အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိဘဲ သူဟာ မူးယစ်ဝရမ်းပြေး ဝေရှောက်ခန်းနဲ့ ပတ်သက်နေတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အသက် ၇၀ ကျော်အရွယ် မူးယစ်ရာဇာ ဝေရှောက်ခန်းဟာ လက်ရှိ UWSA ‘ဝ’ တပ်ဖွဲ့ထဲမှာ ဘဏ္ဍာနဲ့ /စီးပွားရေးပိုင်း  အရေးပါတဲ့သူတဦး ဖြစ်နေပြီး ၁၉၉၃ ခုနှစ်မှာ အမေရိကန်က သူ့ကို မူးယစ်ဆေးဝါးမှုနဲ့ အသေရရ အရှင်ရရ  ဒေါ်လာ ၂ သန်းဆုငွေထုတ်ထားပါတယ်။ 

သူဟာ ထိုင်းမှာ နိုင်းချန်းချိုင်း (ခ) နိုင်းပဆစ်ချီဝင်းနိသီပန်းယား ဆိုတဲ့ အမည်နဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ခဲ့ဖူးပြီး ထိုင်းမှာ ဘိန်းဖြူ အလေးချိန် ၆၀၀ ကီလိုဂရမ် ဖမ်းမိတဲ့ အမှုနဲ့ပတ်သက်ပြီး ထိုင်းတရားရုံးက သူ့ကို သေဒဏ်ချမှတ်ခဲ့တဲ့အပြင် နိုင်ငံသားမှတ်ပုံတင် ရုပ်သိမ်းခဲ့ပါတယ်။

သူဟာ နိုင်ငံခြားကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး နှစ်အတန်ကြာ ‘ဝ’ တပ်ဖွဲ့ထဲမှာ ဝေရှောက်ခန်း ဆိုတဲ့အမည်နဲ့ အရေးပါအရာရောက်သူအဖြစ် ပြန်ပေါ်လာတာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source/Photo - Matichon/Thai Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013