
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာဇနီးသည်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာအမျိုးသားကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၃၆ နှစ်အရွယ် အောင်ပေ(ခ)အောင်ပြည့် ဖြစ်ပြီး ဇွန် ၁၃ ရက်၊ မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းက သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီး မအေးအေးနွဲ့ ဟာ Khlong Toei ဒေသမှာရှိတဲ့ စားသောက်ဆိုင်တခုမှာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ရက်အတော်ကြာ အဆက်အသွယ်မရတော့တာကြောင့် ဆွေမျိုးတယောက်က ထိုင်းရဲတပ်ဖွဲ့ဆီကို အကြောင်းကြားခဲ့ပြီးနောက် ထိုင်းရဲတွေက စစ်ဆေးရာမှာ အပိုင်းပိုင်း ဖြတ်ခံထားရတဲ့ အလောင်းကို ဇွန် ၁၂ ရက်နေ့မှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
သေဆုံးသူ မြန်မာအမျိုးသမီး မအေးအေးနွဲ့ရဲ့ အမျိုးသားဖြစ်သူ မောင်အောင်ပြည့်ကို အဓိကသံသယရှိသူအဖြစ် ထိုင်းရဲတပ်ဖွဲ့က သတ်မှတ်ထားပြီး ဖမ်းဝရမ်းထုတ်ကာ လိုက်လံရှာဖွေနေတာလို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရာမှာ သတ်ဖြတ်ခံရတဲ့နေရာအနီး CCTV မှတ်တမ်းတွေအရ သေဆုံးသူရဲ့အမျိုးသား မောင်အောင်ပြည့်ဟာ အခင်းဖြစ်ပွားပြီးနောက် ခရီးဆောင် အိတ်အကြီးတလုံးနဲ့ တိုက်ခန်းကနေ ထွက်ခွာသွားတာကို တွေ့ရှိခဲ့ရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားချက်အရ သိရပါတယ်။
ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Rajprarop Soi 1 မှာရှိတဲ့ တိုက်ခန်းတခုခန်းအတွင်း မြန်မာအမျိုးသမီး မအေးအေးနွဲ့ ဆိုသူ အပိုင်းပိုင်းဖြတ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ သံသယရှိနေတဲ့ သေဆုံးသူရဲ့အမျိုးသားကို ဖမ်းမိတာ။ အသေးစိတ် ဆက်လက် စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
ဟင်္သာတမြို့မရဲစခန်း တာဝန်ရှိသူတွေ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာလို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့ အမျိုးသားကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးနိုင်ရေးနဲ့ ဥပဒေလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။










