DVB Logo
Home
မြန်မာသတင်း
ရေတာရှည်နှင့် တနင်္သာရီတွင် စစ်ကောင်စီစခန်းနှင့် တပ်ရင်းများ တိုက်ခိုက်ခံရ
DVB
·
March 2, 2024
ရေတာရှည်နှင့် တနင်္သာရီတွင် စစ်ကောင်စီစခန်းနှင့် တပ်ရင်းများ တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ မတ် ၁ ရက် ညပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း စစ်ကောင်စီ တပ်စွဲထားတဲ့နေရာနဲ့ တပ်ရင်းတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်းမြစ်အနောက်ဘက်ကမ်း နှောပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပုဝါနီ စစ်ကြောင်းတို့ မတ် ၁ ရက် ည ၉ နာရီလောက်က တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ပုဝါနီစစ်ကြောင်းနဲ့ ကီးကူစစ်ကြောင်းတို့ ပူးပေါင်းပြီး ညပိုင်း ကင်းလှည့်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာကနေ မိနစ် ၄၀ ကြာလောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ညပိုင်းဖြစ်တာကြောင့် စစ်တပ်ဘက်က ထိခိုက် သေဆုံးတဲ့ အခြေအနေကို မသိခဲ့ရဘဲ  တော်လှန်ရေးအင်အားစုဘက်ကတော့ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာတော့ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ ဗောဓိကမ်းတံတားအပါအဝင်  ၅၆၁ တပ်ရင်းနဲ့ ၃၀၆ အမြောက်တပ်ရင်းတို့ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ ဒရုန်းတာဝန်ခံဆီက သိရပါတယ်။

ညနေ ၃ နာရီလောက်မှာ ဗောဓိကမ်းတံတားက စစ်ကောင်စီတပ်ကို ဗုံးသီး ၁ လုံး၊ ညနေ ၅ နာရီကျော်လောက်မှာ ၃၀၆ မော်တုန်းအမြောက်တပ်ကို ၂ လုံး၊ ည ၉ နာရီလောက်မှာ ၅၆၁ တပ်ရင်းကို ၄ လုံးနဲ့ ၃၀၆ အမြောက်တပ်ကို ဗုံးသီ ၁ လုံး နဲ့ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်က ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့ပြီး လူနာတင်ကားတချို့နဲ့ ညတွင်းချင်း လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၁၊ ADF ရဲ့ ဒရုန်းတာဝန်ခံတဦးက “ဒီနောက်ဆုံးအလုံးမှာ စကစ ၃ ကောင်ထိပြီး ညတွင်းချင်း vigo ကားတစီး၊ လူနာတင်ကား ၂ စီးနဲ့ လာခေါ်သွားပြီး တယောက်သေပါတယ်ဗျ” လို့ ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့နေ့က ည ၇ နာရီလောက်မှာ ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးတွေနဲ့ အနောက်မော်တုန်းရွာ၊ ဘန်လောရွာနဲ့ မရင်းကြီးရွာတွေဘက်ကို ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် မရင်းကြီးကျေးရွာက အသက် ၄၀ အရွယ်အမျိုးသား ၂ ယောက်လည်း လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရခဲ့ကြတယ်လို့ ပြောပါတယ်။ 

ဒေသခံပြည်သူတယောက်က “ကျည်အစထိမှန် လက်ကျိုးတယ်၊‌ နောက်တယောက်က ခေါင်းမှာထိတာပါ။ လက်မှာထိ လက်ကျိုးတဲ့သူပဲ ဒဏ်ရာပြင်းတာပါ။ အသက်တော့ အရမ်းမစိုးရိမ်ရပါဘူး။ လက်နက်ကြီးက တပ်ရင်းပတ်ပတ်လည်ပစ်တာပါ” လို့ ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးတွေ ၂ ရက်ဆက် ပစ်ခတ်ခဲ့တဲ့အပြင် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူပေါင်းစစ်ကြောင်းဟာ တနင်္သာရီ ပကဖ၊ မြိတ်ပကဖ၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၁၊ ADF ဒရုန်းအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေဟာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ မကြာခဏပစ်မှတ်ထား တိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ကမ္မလိုင်းရွာအခြေစိုက် ၅၅၈ တပ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ သိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013