
မြဝတီမြို့တောင်ဘက် ပလောတပို့(မိုးပြာ) စစ်ရှောင်စခန်းကို စစ်တပ်ဘက်က ဒရုန်းနဲ့ ထပ်မံပြီး တိုက်ခိုက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံမှုမရှိဘူးလို့ စစ်ရှောင်အရေးကူ ညီပေး နေသူတွေက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဝေါလမ်းလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းပစ်ကူတွေနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒါ့အပြင် ထိုင်း−မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးက ပလောတပို့ (မိုးပြာ) စစ်ရှောင်စခန်းကိုပါ စစ်တပ်ဘက်က ဒရောဗုံးတွေနဲ့ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “စစ်ရှောင်တွေက တိုးနေတာ။ စကစဘက်က စစ်ရှောင်တွေဘာတွေ မကည့်ဘူး။ ဒရော့ဗုံးတွေနဲ့လာလာကြဲတယ်။ အဲဒီလိုမျိုးလုပ်နေတယ်။ လုပ်နေတယ်ဆိုတော့ ပင်မစခန်းကြီးထဲမှာ တော်တော်များများကမနေတော့ဘူး။ မနေဘဲနဲ့ မြစ်ကမ်းစပ်ဘက်ကို တဲတွေကို ပြောင်းထိုးကြတယ်။ ကမ်းစပ်ဘက်တွေမှာ ပျံ့နှံ့ပြီးနေနေတယ်။ လုံခြုံမှုကတော့ အဲနားဝန်းကျင်မရှိဘူး။ ဘာကြောင့်ဆို ဒရော့ဗုံးနဲ့ လာလာချတာကို။ သူက စစ်ရှောင်မှန်းလည်း မသိဘူးမဟုတ်ဘူး သိတယ်။ သိလျက်သားနဲ့ လာလာချနေတာဆိုတော့ လုံခြုံမှု ကတော့ မရှိဘူး။ ဒါပေမဲ့ တစုတည်းမနေတော့ ဘယ်ကို Target (ပစ်မှတ်) ထားပြီးတော့ သူတို့ လာချ မလဲပေါ့။ အဲဒါတော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစပြီး လေးကေ့ကော်မြို့သစ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလောတပို့ စစ်ရှောင်စခန်းမှာ လေးကေ့ကော်အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူ ၄,၁၀၀ ကျော်ဟာ ပလောတပို့ စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေရတာပါ။
ဒါ့အပြင် ကော့ကရိတ်မြို့အနီးက နဘူး- ကော့ကရိတ်- အောက်ဗိုလ်တဲလမ်းပိုင်းကို စစ်အာဏာရှင် တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေ မိတ်၊ မိဖာလဲ့၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ရှောင်တယောက်က “သူတို့(စစ်တပ်)က ရွာလမ်းပိတ်ထားတယ်။ တို့ပြည်သူတွေက လွတ်လွတ် လပ်လပ် သွားလာပိုင်ခွင့်မရှိဘူး။ ကိုယ်အိမ်ကိုယ်ပြန်တာတောင်မှ အမျိုးမျိုး ကြံဖန်ပြီးတော့ ပြောတယ်။ အမိုးအိမ်တောင် ပြန်မရဲဘူး။ ဒီလို အခက်အခဲမျိုးတွေ တပုံကြီးပေါ့။ စားဝတ်နေရေးက အခက်အခဲတွေ တပုံကြီးပေါ့။ ဘာမှ လုပ်စားလို့မရဘူး။ ရွာမှာ ပြန်လည်း ဘာမှလုပ်စားလို့မရဘူး။ ဟိုသွားလည်း မရ ဒီသွားလည်း မရဆိုတော့လည်း အခက်အခဲတွေက အများကြီးပေါ့။ အရင်တုန်းက ထောက်ပံ့ကြေးတွေ ဘာတွေ လာပေးတယ်။ အခုက ဘာမှ မရှိတော့ဘူး။ ဘာမှလည်း မလာတော့ဘူး” လို့ ပြောပါတယ်၏။
ဒါ့အပြင် ကော့ကရိတ် စကခ ၁၂၊ ခလရ ၉၇နဲ့ ကျုံဒိုး ခမရ ၅၄၅၊ ခမရ ၅၄၆ ကနေ တိုက်ပွဲဖြစ်ပွား နေတဲ့ အနီးအနားကကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင် နေပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် မနက်ကလည်း ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာ၊ ဖန်းခါးကုန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတယောက်နဲ့ အမျိုးသားတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
အောင်ခန့်










