DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ရေတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားများသေဆုံး ဒဏ်ရာရ
DVB
·
February 29, 2024
စစ်တွေတွင် ရေတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားများသေဆုံး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၂၉ ရက် ဒီမနက် ၈ နာရီခွဲက ပြည်တော်သာရပ်ကွက်၊ ဓညဝတီရေတပ်စခန်းမှာရှိတဲ့ စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရရှိသွားတယ်လို့ စစ်တွေဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်တွေမြို့၊ ဓညဝတီရေတပ်စခန်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်တွေမြို့မစျေးအနီး ကိုရီးယားဆိပ်ကမ်းပျံကျစျေး၊ ရန်ပြေမာန်ပြေဘုရားအနီးတဝိုက်မှာ ကျရောက်ပေါက်ကွဲသွားတာဖြစ်ပါတယ်။

လက်နက်ကြီးကျလို့ ဈေးရောင်းနေကြတဲ့ ပြည်သူတွေ အပါအဝင် ပျံကျလုပ်သား၊ ဈေးလာဝယ်ကြတဲ့ ပြည်သူတွေနဲ့ ကလေးငယ်တွေပါ သေဆုံး၊ ဒဏ်ရာရသွားကြတယ်လို့ စစ်တွေမြို့ ဒေသခံတဦးက ပြောပါတယ်။

“မနက် ၈ နာရီကျော်ကျော်ကနေ လက်နက်ကြီးကျတာ၊ လက်နက်ကြီးကျတာနဲ့ အော်သံတွေပါ ဝရုန်းသုန်းကား ဖြစ်ပြီးတော့ အကုန်လုံးထွက်ပြေးကြတာ။ လူ ၁၀ ယောက်နီးပါး ပွဲချင်းပြီးသေတယ်သိရတယ်။ ၃၀ နီးပါးကိုတော့ အရေးပေါ် ဆေးရုံပို့လိုက်ရတယ်။ အူထွက်သွားတဲ့သူတွေရော၊ ခြေပြတ်လက်ပြတ်သူတွေရော အများကြီးပဲ။”

လက်ရှိအချိန်မှာ ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို စစ်တွေဆေးရုံကြီးကို ပို့ဆောင်ထားပြီး သေဆုံးသူအတိအကျနဲ့ ဒဏ်ရာရရှိသူ အတိအကျကို မသိရှိရသေးဘူးလို့လည်း စစ်တွေမြို့ပေါ်မှာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူငယ်တဦးက ပြောပါတယ်။

“အခုတော့ ဘယ်နှစ်ယောက်သေတယ်၊ ဒဏ်ရာရသွားတယ် ဆိုတာတော့ အတိအကျ မသိနိုင်သေးဘူး။ သေဆုံးသူဦးရေက ပိုတိုးချင်လည်း တိုးလာနိုင်တယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့သူကိုတော့ အရေးပေါ် ခွဲစိတ်ခန်း ပို့ထားရတယ်။ ကလေးတွေပါ၊ လူငယ်၊ လူလတ်ပိုင်းတွေပါ အကုန်ပါတယ်။”

စစ်တွေမြို့တွင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူအများအပြား ထိတ်လန့်ကြောက်ရွံ့နေပြီး စစ်တွေမြို့တွင်းမှာလည်း ဝရုန်းသုန်းကာဖြစ်နေကာ စစ်ကောင်စီဘက်ကလည်း စစ်တပ်ကားကြီးတွေနဲ့ ကင်းလှည့်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စစ်တွေမြို့ အဝင်အထွက်တွေ အားလုံးကိုပါ ပိတ်ထားပြီး ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းနဲ့ လာရောက်တဲ့သူတွေ အားလုံးကိုပါ အကြောင်းပြချက်မရှိ ဖမ်းဆီးကာ ငွေညှစ်နေပါတယ်။

စစ်ကောင်စီက စစ်တွေမြို့ အပါအဝင် ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အပေါ် တုံ့ပြန်ချက်ရရှိဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမဲ့ အခုချိန်ထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေနေထိုင်တဲ့ နေရာတွေနဲ့ စျေးတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ပစ်ခတ်နေပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာလည်း မင်းပြားမြို့နယ် သေကံကျေးရွာနဲ့ မင်းဖူးအရပ်ဒေသတွေက ပြည်သူတွေကိုပါ လေကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်ဘက်ဆေးရုံတခု အပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရရှိသွားကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အရေးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ စီးပွားရေးအရ အရေးပါတဲ့ မြို့တွေကိုပါ လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်သူလူထုတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်ကတည်းကနေ စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီ ၁၃ ရက်အထိ သေဆုံးသူ ၁၁၁ ဦးထိရှိကာ ဒဏ်ရာရရှိသူ ၃၅၇ ဦးအထိ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပြည်သူတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်ထဲမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ပြည်သူတွေ ပိုတိုးလာနေတယ်လို့ HDCO က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013