DVB Logo
Home
မြန်မာသတင်း
မြန်မာတွင်တွေ့သည့် ငါးမျိုးစိတ်သစ် အရွယ်နှင့်ယှဉ်လျှင် အသံအကျယ်ဆုံးဖြစ်ကြောင်း ဂျာမန်သိပ္ပံပညာရှင်များ ထုတ်ပြန်
DVB
·
February 28, 2024
မြန်မာတွင်တွေ့သည့် ငါးမျိုးစိတ်သစ် အရွယ်နှင့်ယှဉ်လျှင် အသံအကျယ်ဆုံးဖြစ်ကြောင်း ဂျာမန်သိပ္ပံပညာရှင်များ ထုတ်ပြန်
Donate to DVB

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ ငါးမျိုးစိတ်သစ်ဟာ အရွယ်နဲ့ယှဉ်ရင် အသံအကျယ်ဆုံး ငါးမျိုးစိတ်ဖြစ်ပြီး သေနတ်ပစ်သံလောက်ကို ကျယ်တယ်လို့ ဂျာမန်သိပ္ပံပညာရှင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

သုတေသနပညာရှင်တွေဟာ ငါးကန်ထဲကနေ ထူးထူးဆန်းဆန်းအသံတွေ ကြားရတာကြောင့် စစ်ဆေးကြည့်ရာကနေ ဒီငါးကလေးတွေရဲ့ တွင်းတူးစက်သံလောက်ကျယ်တဲ့ အသံကို တွေ့ရှိခဲ့တာပါ။

သတ္တဗေဒနာမည် Danionella cerebrum လို့ အမည်ပေးထားတဲ့ ဒီငါးကလေးတွေရဲ့ လေအိတ်ကနေ အားကောင်းတဲ့ စည်းချက်သံစဉ်တွေ ထုတ်လွှတ်တာကို တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံက ညစ်ပေနောက်ကျိတဲ့ ရေပြင်ထဲမှာ ဆင့်ကဲပြောင်းလဲလာတာ ဖြစ်တာကြောင့် တကောင်နဲ့တကောင် ဆက်သွယ်ဖို့ အဲဒီလို အသံအကျယ်ကြီး အော်တတ်လာတာဖြစ်မယ်လို့ သုတေသနပညာရှင်တွေက ယူဆကြပါတယ်။

အဲဒီငါးလေးတွေနဲ့နီးတဲ့ ရေထဲမှာဆိုရင် သေနတ်သံလောက်ကျယ်တဲ့ ၁၄၀ ဒက်ဆီဘယ်အထိ ကျယ်တာကို တွေ့ရပါတယ်။

ဒါကြောင့် ၁၂ မီလီမီတာပဲရှည်တဲ့ ဒီငါးလေးတွေဟာ အရွယ်နဲ့ယှဉ်ရင် အသံအကျယ်ဆုံး ငါးမျိုးစိတ် ဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ယုံကြည်ထားပါတယ်။

ဒီလိုအသံထုတ်လွှတ်တာဟာ အချင်းချင်းဆက်သွယ်တာ ဖြစ်တယ်လို့လည်း ယူဆထားပါတယ်။

သဘာဝသတ္တလောကတွေမှာ ပုံမှန်အားဖြင့် တိရစ္ဆာန်တွေက အကောင်ကြီးလေ၊ အသံပိုကျယ်လေ ဖြစ်ပါတယ်။

ရေအောက်မှာကျတော့ တမျိုးတဘာသာဖြစ်ပြီး အသေးဆုံးကောင်လေးတွေဟာ အသံအကျယ်ဆုံး ဖြစ်တတ်ကြပါတယ်။

Danionella ငါးမျိုးတွေရဲ့ ခန္ဓာကိုယ်ဟာ ဖောက်ထွင်းမြင်ရတာကြောင့် ပြုမူလှုပ်ရှားချိန်မှာ ဦးနှောက်အလုပ်လုပ်ပုံကို တိုက်ရိုက်မြင်နိုင်တဲ့အတွက် သုတေသနပညာရှင်တွေ အထူးတန်ဖိုးထားကြပါတယ်။

ဂျာမနီက ဓာတ်ခွဲခန်းတခုမှာတော့ အဲဒီငါးလေးတွေကို သုတေသနလုပ်ရင်း ထူးဆန်းတဲ့ အသံတွေကို သတိထားမိကြတာပါ။

“ခန္ဓာကိုယ်တကိုယ်စာပဲ ဝေးတဲ့အကွာအဝေးဆိုရင် အသံလှိုင်းခွင်က ၁၄၀ ဒက်ဆီဘယ်အထိ ရှိပါတယ်။ ဒါက တဖက်ကငါး ကြားရနိုင်မဲ့အသံ ဖြစ်ပါတယ်။ ၁ မီတာလောက်ဝေးရင်တော့ ၁၀၈ ဒက်ဆီဘယ်လောက်ဖြစ်သွားပါတယ်” လို့ သုတေသနကို ဦးဆောင်သူ၊ Charité University, Berlin (ရှာရီတဲတက္ကသိုလ်၊ ဘာလင်) က ပါရဂူတန်းကျောင်းသူ ဗာရတီကွတ်ခ်က သုံးသပ်ပါတယ်။ 

၁၀၈ ဒက်ဆီဘယ်ဆိုတာတောင် မြေတူးစက်လောက်အသံကျယ်နေသေးတာဖြစ်ပါတယ်။

“ဆင့်ကဲဖြစ်စဉ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတွေနဲ့အတူ ပေါ်ပေါက်လာလေ့ရှိပါတယ်။ ကျမတို့က ဘယ်ဟာက ဘယ်လိုဖြစ်တယ်ဆိုတာ သိရုံနဲ့ တခြားမျိုးစိတ်တွေမှာလည်း ဘယ်ဟာဘယ်လိုဖြစ်တယ်ဆိုတာ ကံသေကံမ ပြောမရပါဘူး” လို့   ကွတ်က ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

ဒီသုတေသနကို Proceedings of the National Academy of Sciences မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပဲခူးရိုးမနဲ့ မှော်ဘီက ချောင်းမြောင်းတွေထဲမှာ တွေ့ရလေ့ရှိတဲ့ ဒီငါးကလေးတွေဟာ မှတ်တမ်းမတင်ရသေးတဲ့ မျိုးစိတ်သစ်တခုမှန်း ၂၀၂၁ ခုနှစ်ကမှ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။  အရင်တုန်းက မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ဖောက်ထွင်းမြင်ရတဲ့ အသေးဆုံးငါးမျိုးစိတ်တခုဖြစ်တဲ့ Danionella translucida နဲ့ ဆင်တူလို့ အတူတူပဲလို့ အမှတ်မှားခဲ့ကြတာဖြစ်ပါတယ်။

photo-pnas.org

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013