DVB Logo
Home
မြန်မာသတင်း
သုံးနှစ်ကျော်အတွင်း ဆေးရုံ ဆေးခန်း ၃၀၀ ကျော်ပျက်စီး၊ ကျန်းမာရေး လုပ်သား ၁၀၀ ကျော် အသတ်ခံရ
DVB
·
February 28, 2024
သုံးနှစ်ကျော်အတွင်း ဆေးရုံ ဆေးခန်း ၃၀၀ ကျော်ပျက်စီး၊ ကျန်းမာရေး လုပ်သား ၁၀၀ ကျော် အသတ်ခံရ
Donate to DVB

စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဆေးရုံ/ဆေးခန်း ၃၀၈ ခု ပျက်စီးခဲ့ပြီး သတ်ဖြတ်ခံရတဲ့ ကျန်းမာရေးလုပ်သား ၁၀၄ ယောက် ရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီကာလတွေအတွင်း စစ်အုပ်စုရဲ့ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်တိုက် ခိုက်မှုပေါင်း ၁,၂၀၀ ကျော်အထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကျန်းမာရေးလုပ်သား ၁၃၆ ယောက်ထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၇ ရက် မနေ့ကလည်း မင်းပြားမြို့နယ်က မင်းဖူးဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက  ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ဆေးရုံ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသ မှုခံယူနေကြတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ၊ ဆေးရုံဝန်ထမ်းတွေလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါဆေးရုံဟာ စစ် ကောင်စီတပ်ဖွဲဝင် သုံ့ပန်းတွေ၊ သုံ့ပန်းမိသားစုဝင်တွေကို ဆေးကုသပေးနေတဲ့ အရပ်ဘက် ဆေးရုံတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်တုန်းကလည်း ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဖျက်အားပြင်းဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ မြို့မဆေးရုံတခုလုံး၊ မြို့မစျေး၊ သီလရှင် ကျောင်းနဲ့ လူနေအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၉ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတခုလုံး ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ပြီး လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ အချိန်မီတိမ်းရှောင်နိုင်ခဲ့တာကြောင့် ထိခိုက်မှု မရှိခဲ့ဘူးလို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရက္ခိုင့်တပ်တော်၊ ရက္ခိုင်ပြည်သူတွေ၊ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာတနိုင်ငံလုံးက တိုင်းရင်းသား ပြည်သူအပေါင်းနဲ့အတူ တရားမျှတမှုဘက်မှာ အတူတကွ တသားတည်း လက်တွဲ ရပ်တည်ပြီးတော့ အကြမ်း ဖက်စစ်ကောင်စီကို တော်လှန်တိုက်ထုတ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲပြီးတော့ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူအားလုံးကို ပြည်သူ့တရားဥပဒေနဲ့အညီ ပြင်းထန်ထိ ရောက်စွာ အရေးယူသွားမှာဖြစ်ပြီး တရားမျှတမှု ပြန်လည်ရရှိအောင် ဆောင်ကျဉ်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း နိုင်ငံရေး မတည် ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်မီးတောက် လောင်နေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013