DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၄၀ အထိရှိလာ
DVB
·
February 27, 2024
ရှမ်းတောင်တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၄၀ အထိရှိလာ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်မြို့နယ်တို့မှာ  ၂၀၂၄ ခု ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ ၁ လကျော်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ အရပ်သား သေဆုံးသူ အယောက် ၄၀ နဲ့ ဒဏ်ရာရသူ ၅၁ ဦးအထိ ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးတပ်မတော် (PNLA) တိုက်ပွဲတွေအတွင်း စစ်တပ်က လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတဦးက "အရပ်သားသေဆုံးမှုနဲ့ ပက်သက်ပြီး အထူးသဖြင့် ကျမတို့ ဘာသွားတွေ့ရလဲဆိုတော့ စစ်ကောင်စီကနေမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးကြတယ်၊ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် သေဆုံးရတယ်၊ နောက်တခုကျတော့ မြေပြင်တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ သေဆုံးကြရတယ်။ ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကလည်း ဆီဆိုင်ကို ပြန်လာတဲ့ အရပ်သားယာဉ် ဒရုန်းနဲ့ ဗုံးကြဲခံရလို့ အရပ်သားသေဆုံးရတာကို ကျမတို့က အထူးသဖြင့် တွေ့ကြရပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှု ၂၉၃ ကြိမ်နဲ့ လက်နက်ကြီး ပစ်ခတ်မှု ၈၀၈ ကြိမ်ရှိခဲ့ပြီး တိုက်ခိုက်မှုအတွင်း ဘာသာရေး အဆောက်အဦ ၁၂ ခု၊ အရပ်သားနေအိမ် ၉၇ လုံး ပျက်စီးရသလို ၁ လကျော်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ အရပ်သားလည်း ၉၄၃၀၀ အထိ ရှိလာတယ်လို့ PYO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ရှောင်အများစုမှာ ပင်လောင်း၊ ညောင်ရွှေ၊ တောင်ကြီး၊ ဟိုပုံးနဲ့ ဆီဆိုင် စတဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ တောတောင်တွေနဲ့ ကျေးရွာတွေဘက်မှာ တိမ်းရှောင်နေကြရပါတယ်။

အချိန်ကာလကြာလာတာနဲ့အမျှ နေအိမ်စွန့်ခွာရတဲ့ အရပ်သားတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်သလို လိုအပ်ချက်တွေလည်း များလာတယ်လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။

"စစ်ရှောင်တွေလည်းများတယ်။ နေရာတွေလည်း ပြန့်ကျဲပြီး နေထိုင်ကြတော့ အလှူရှင်က တချို့နေရာဆို သိတယ်၊ တချို့နေရာဆိုမသိဘူး။ တချို့ဆို တောထဲနေကြတော့ သွားဖို့ ဂိတ်လည်း ဖြတ်ရတော့ အလှူရှင်က မရောက်နိုင်ဘူး။ အဲလိုနေရာဆို စားနပ်ရိက္ခာ အများကြီး လိုအပ်နေတယ်။" 

စစ်ရှောင်အများစု တိမ်းရှောင်နေတဲ့ ကျေးရွာနဲ့ တောဘက်တွေမှာ ရေရှားပါးတဲ့အပြင်  မသန့်တဲ့ရေကို သောက်နေရတာကြောင့် စစ်ရှောင်ကလေးငယ်အများစုက ဝမ်းလျှောတာတွေ ဖြစ်ပွားနေတယ်လို့  စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

"အခုနေတဲ့နေရာက ရေအရမ်းရှားတော့ ရေအဆင်မပြေဘူး။ ရေလည်းရှားတယ်၊ ထင်းလည်းရှားတယ်။ ရေမကျိုသောက်နိုင်တော့ ကလေးတွေ ဝမ်းအရမ်းလျှောကြတယ်။” 

ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတို့မှာလည်း စစ်ကောင်စီက လက်ရှိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်ထားတယ်လို့ ဆိုပါတယ်။

နေအိမ်ပြန်ပြီး ရိက္ခာပြန်ယူတဲ့ ဆီဆိုင်ဒေသခံလူငယ် ၁၀ ဦးထက်မနည်းလည်း အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့၊ ဟိုပုံးမြို့နယ်နဲ့ လွိုင်လင်မြို့နယ်တွေမှာ လက်ရှိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းနဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်မှုက မြင့်တက်နေဆဲလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013