DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်ခံရသည့် ကရင်နီဒေသခံများကို  Free Burma Ranger အဖွဲ့က ကူညီပေး  
DVB
·
February 27, 2024
လေကြောင်းတိုက်ခိုက်ခံရသည့် ကရင်နီဒေသခံများကို  Free Burma Ranger အဖွဲ့က ကူညီပေး  
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်ထဲက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ ခံခဲ့ရတဲ့ ဒေသခံပြည်သူတွေကို စိတ်ခွန်အားတွေပေးဖို့  Free Burma Ranger  (FBR)  အဖွဲ့က ဖျော်ဖြေရေး အစီအစဉ် သွားရောက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်နဲ့ အရပ်သားသေဆုံးမှုရှိခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာကို ဖေဖော်၀ါရီ ၂၂ ရက်က သွားရောက်ခဲ့တာပါ။

အဲဒီရွာမှာ သေဆုံးသူတွေရဲ့ မိဘတွေကို အားပေးစကား ပြောဆိုတာနဲ့ စိတ်ဒဏ်ရာရရှိထားတဲ့ ကလေးတွေနဲ့ဒေသခံတွေကို စိတ်ဖြေဖျောက်ပေးဖို့ သွားရောက်ဖျော်ဖြေခဲ့တာလို့  FBR အဖွဲ့ တည်ထောင်သူ ဒေးဗစ်ယူးဘန့်ခ်က  ဒီဗွီဘီကို ပြောပါတယ်။

FBR အနေနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက ကရင်နီပြည်နယ်ကိုရောက်ရှိခဲ့တာဖြစ်ပြီး ကရင်၊ ကချင်၊ ရှမ်းပြည်နယ်နဲ့ တခြားစစ်ကောင်စီတပ်နဲ့ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို လည်း ဆေး၀ါး ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့ပါတယ်။

အခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ကျေးရွာကို ဗုံးကြဲချတိုက်ခိုက်ခံရစဉ်ကတည်းက ရောက်ရှိခဲ့ကာ အလွန်အမင်း စိတ်ထိခိုက်ရကြောင်းနဲ့ လိုအပ်တာတွေကိုကူညီပေးသွားမယ်လို့  ဒေးဗစ်ယူးဘန့်ခ်က ပြောပါတယ်။

အဲဒီကျေးရွာက ဒေသခံတွေဟာ လေယာဉ်ပျံသံကြောက်တာ၊ ညဘက်အိပ်မပျော်တာ၊ အရယ်အပြုံးမရှိတော့တာတွေကို ခံစားနေရပြီး သေဆုံးသွား ကလေးငယ်တွေရဲ့ မိဘတွေဟာလည်း ဆုံးရှုံးခဲ့ရတဲ့ သားသမီးတွေအတွက် စိတ်ဒဏ်ရာကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

FBR အနေနဲ့ ကျန်းမာရေးအတွက် ဆေးကုသမှုပေးတာတွေ၊ အဖွဲ့လိုက် ရိုးရာသီချင်း သီဆိုတာတွေ၊ တိုင်းရင်းသားရိုးရာအက ကပြဖျော်ဖြေတာ၊ ကလေးတွေနဲ့စုပေါင်းပြီး ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ၊ သီချင်းတွေကို အတူတူပြုလုပ်ခဲ့ကြတဲ့အပြင် ဉာဏ်စမ်းဂိမ်းတွေ၊ ပါဆယ်ဂိမ်းတွေက စားကြပြီး မုန့်နဲ့ အအေးပေးဝေခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီး ၃ လကျော်ကြာမြင့်လာတဲ့အထိ တပြည်နယ်လုံး အတိုင်းအတာနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မယ်စဲ့မြို့၊ နန်းမယ်ခုံမြို့၊ မော်ချီးမြို့နဲ့ ရှားတောမြို့တို့ကို အပြီးသတ် ထိန်းချုပ်ထားနိုင်တဲ့အပြင် မြို့တော်လွိုင်ကော်မြို့ကိုလည်း ၇၅ ရာခိုင်နှုန်း သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပြင် တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေကိုပါ  လေယာဉ်နဲ့ မကြာခဏ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013