DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတွင် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနေ 
DVB
·
February 26, 2024
ကရင်နီဒေသတွင် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနေ 
1 / 2
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပေမဲ့ ဒေသခံကလေးတွေ ပညာရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးနေကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပြီး စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။

ဒါပေမဲ့ ဒေသခံကလေးတွေ ပညာရေးအတွက် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူငယ်တွေ တက်ကြွလှုပ်ရှားသူတွေက ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဖွင့်လှစ်ပြီး ကြိုးစားလုပ်ဆောင်နေကြပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဖွင့်လှစ်ထားတဲ့ စာသင် ကျောင်းပေါင်း ၄၀၀ ကျော် ရှိနေပြီး ကလေးငယ်ပေါင်း ၄၀၀၀၀ ကျော်လောက်က စစ်ပွဲတွေကြားမှာဘဲ ပညာသင်ယူနေကြရတာပါ။

လေကြောင်းနဲ့ ဗုံးကြဲခံရတာ၊ လက်နက်ကြီးနဲ့ အပစ်ခံရတာတွေကြောင့် ကရင်နီ လူငယ်တွေ ပညာသင်ကြားဖို့အတွက် လုံခြုံမှုရှိတဲ့နေရာတွေ လိုအပ်တာက အကြီးမားဆုံး အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင်ကလေးတွေကို ပညာသင်ကြားပေးနေသူက ပြောပါတယ်။

စစ်ရှောင်ပညာရေးကူညီနေသူ ကိုကောင်းထက်မှူးက “အဓိက လုံခြုံမှုရှိတဲ့နေရာတွေ လိုအပ်နေတယ်။ လက်ရှိမှာ ကျောင်းတွေကို စစ်တပ်က တိုက်ခိုက်လာတာ ရှိတယ်။ လုံခြုံမှုရှိတဲ့နေရာက အဓိကစိန်ခေါ်မှု ဖြစ်နေတယ်။ ကျောင်းလည်ပတ်ဖို့ ကုန်ကျစရိတ် အခက်အခဲတွေ ရှိတယ်။ ကလေးတွေအတွက် စာရေးကိရိယာအခက်အခဲတွေ ရှိတယ်။ လက်ရှိ ကရင်နီမှာ ပညာရေးက လိုအပ်ချက် အရမ်းများတယ်။ အာဏာမသိမ်းခင် ၉/၁၀ တန်း တက်ခဲ့တဲ့ ကလေးတွေအတွက်ကျောင်းပြန်တက်ဖို့ အခက်အခဲအမျိုးမျိုးရှိတယ်။ အခွင့်အလမ်းမပေးနိုင်တော့တာရောပေါ့။ အဲ့လိုတွေကြောင့် vocational training အသက်မွေးဝမ်းကျောင်း သင်တန်းတွေဘက်ကို အားထည့်လုပ်ဖြစ်တယ်။”

ဒီးမော့ဆိုမြို့နယ်ထဲမှာ ကွန်ပျူတာသင်တန်းတခုဖွင့်ထားပြီး ကရင်နီလူငယ် ၆၀ ကျော် သင်ကြားနေကြပါတယ်။

ပညာရေးစနစ်ခိုင်မာဖို့ အပါအဝင် လူငယ်တွေ ပညာသင်ကြားဖို့အတွက် အခက်အခဲမျိုးစုံ ရှိနေပြီး အသက်မွေးဝမ်းကျောင်းလုပ်နိုင်မယ့် ပညာရပ်တွေကို အားစိုက်ပြီး သင်ကြားပေးနေတယ်လို့ ကိုကောင်းထက်မှူးက ပြောပါတယ်။

ကလေးတွေကို စာသင်ပေးနိုင်ဖို့အတွက် ဆရာ၊ ဆရာမတွေဟာ စစ်ရှောင်စခန်းတွေမှာပဲ နေထိုင်ကြရပြီး စာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ ဆရာ၊ ဆရာမတွေ လိုအပ်နေတာအပြင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး သင်ကြားဖို့ အင်တာနက် လိုအပ်ချက်တွေလည်း ရှိနေပါတယ်။

ကလေးတွေနဲ့ လူငယ်တွေ ပညာသင်ကြားနိုင်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေ သတင်းအချက်အလက် ရနိုင်ဖို့ အင်တာနက်အသုံးပြုနိုင်အောင် ကြိုးစား လုပ်ဆောင်နေတယ်လို့လည်း နွေဦးဂုရုလေးများအဖွဲ့က ကိုတင့်ဇော်ဟိန်းက ပြောပါတယ်။

“ဖုန်းလိုင်းလည်းမရှိ အင်တာနက်လည်းမရှိတော့ လူငယ်တွေ လမ်းပျောက်သလို ဖြစ်သွားတယ်။ အင်တာနက်က လက်လှမ်းမီဖို့က အများကြီးလိုသေးတယ်။ ရွာတော်တော်များများမှာ သုံးလို့ ရနိုင်အောင် သွားဖို့လိုတယ်။ ပြည်သူတွေ သတင်းအချက်အလက်ရဖို့ လိုတယ်။ အင်တာနက်မရှိရင် သင်ကြားရေးတွေ အခက်အခဲဖြစ်ကုန်တယ်။ အခုတော့ လည်ပတ်နိုင်တဲ့ အင်တာနက်ရအောင် လုပ်နိုင်တဲ့အဆင့် ဖြစ်နေပြီ။”

အာဏာသိမ်း စစ်ကောင်စီဟာ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကို မကြာခဏလုပ်နေပြီး အခု ဖေဖော်ဝါရီလထဲမှာတင် ဒေါဆီအီးနဲ့လွိုင်နန်းဖရွာတွေက စာသင်ကျောင်းတွေကို ဗုံးကြဲတာကြောင့် ကလေးငယ်နဲ့ပြည်သူ ၅ ဦး သေဆုံးပြီး အယောက် ၅၀ နီးပါး ဒဏ်ရာရခဲ့ရပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်နယ်မှာ ကွန်ပျူတာသင်တန်းတွေ၊ ဆိုင်ကယ်ပြင်သင်တန်းတွေ၊ သူနာပြုကျောင်းနဲ့ ဆရာများအတတ်သင်ကျောင်းတွေ ရှိနေပြီ ဖြစ်ပါတယ်။

သီဟ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013