DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်အလုပ်သမားသပိတ်ကြောင့် ၆ ရက်ပိတ်ထားရသည့် အီဖယ်တာဝါ ပြန်ဖွင့်
DVB
·
February 26, 2024
ပြင်သစ်အလုပ်သမားသပိတ်ကြောင့် ၆ ရက်ပိတ်ထားရသည့် အီဖယ်တာဝါ ပြန်ဖွင့်
Donate to DVB

အလုပ်သမားတွေ သပိတ်မှောက်လို့ ခြောက်ရက်ကြာ ပိတ်ထားရတဲ့ ပြင်သစ်နိုင်ငံ မြို့တော် ပါရီက အထင်ကရမျှော်စင်ကြီး အီဖယ်တာဝါကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။

တာဝါစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး အငြင်းပွားတဲ့အတွက် ပြီးခဲ့တဲ့အပတ် တနင်္လာနေ့မှာ အလုပ်သမားတွေက သပိတ်မှောက်ခဲ့ကြတာပါ။

အီဖယ်တာဝါ စီမံခန့်ခွဲရေးအဖွဲ့ (SETE) က အလုပ်သမားသမဂ္ဂတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေပြီလို့ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။

ဒီနွေရာသီ ပါရီမြို့မှာ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာ သုံးလအတွင်း အီဖယ်တာဝါဝန်ထမ်းတွေ သပိတ်မှောက်တာ နှစ်ကြိမ်ရှိပြီ ဖြစ်ပါတယ်။

စီမံခန့်ခွဲရေးအဖွဲ့ကတော့ တာဝါကို လာလည်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို တောင်းပန်ခဲ့ပြီး ဘွတ်ကင်ယူထားတဲ့သူတွေကို ပိုက်ဆံပြန်ထုတ်ပေးမယ်လို့ ကြေညာပါတယ်။

ခြောက်ရက်တာ သပိတ်မှောက်မှုကြောင့် လာရောက်လည်ပတ်မှု တသိန်းခန့် နစ်နာခဲ့ရပါတယ်။

စီမံခန့်ခွဲရေးအဖွဲ့ဟာ ဝင်ရောက်မယ့် ဧည့်သည်အရေအတွက်ကျတော့ ပိုမှန်းပြီး ထိန်းသိမ်းပြုပြင်စရိတ်ကိုတော့ လျှော့တွက်ထားတယ်လို့ CGT အလုပ်သမားသမဂ္ဂက ဝေဖန်ပါတယ်။

စီမံခန့်ခွဲရေးအဖွဲ့ဟာ ၇ နှစ်တခါ ဆေးပြန်သုတ်ရတဲ့ တာဝါကြီးကို ၁၄ နှစ်လောက် ဆေးပြန်မသုတ်ဘဲ ထားသလို ပြုပြင်ဖို့လိုတာတွေကိုလည်း မပြင်ဘဲ ဒီတိုင်း ခိုင်းစားနေတယ်လို့ သပိတ်မှောက်သူတွေက ဝေဖန်ပါတယ်။

နောက်ဆုံးညှိနှိုင်းမှုအရ ၂၀၃၁ ခုနှစ်အထိ ပြုပြင်ထိန်းသိမ်းရေးတွေမှာ ယူရိုသန်း ၃၈၀ ရင်းနှီးမြှုပ်နှံသွားဖို့ သဘောတူခဲ့ကြပါတယ်။

၁၈၈၉ ခုနှစ်က ဂုစတက်ဗ် အီဖယ် တည်ဆောက်ခဲ့တဲ့ ဒီတာဝါကြီးဟာ တချိန်က ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ဖြစ်ခဲ့သလို အခုထိလည်း ပြင်သစ်ရဲ့ အထင်ရှားဆုံး ယဉ်ကျေးမှုပြယုဂ်တခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ဝင်ကြေးပေးပြီး လာရောက်ရတဲ့ အထိမ်းအမှတ် နေရာတွေထဲမှာလည်း လူလာအများဆုံး နေရာအဖြစ် မှတ်တမ်းဝင်ပြီး တနှစ်ကို လူခြောက်သန်းလောက် လာရောက်လည်ပတ်လေ့ ရှိပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013