DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ စစ်အာဏာရှင်လေတပ်က အရပ်သားနေရာများကို ဆက်တိုက်ဗုံးကြဲနေ
DVB
·
June 1, 2026
Photo: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့
Photo: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့
Donate to DVB

စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာရှင်တပ်ဟာ လေကြောင်းအသုံးပြုပြီး အရပ်သားတွေနေထိုင်ရာ နေရာတွေကို ဆက်တိုက် ဗုံးကြဲနေတာကြောင့် ထိခိုက်သေဆုံးရတာတွေ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က DVB ကို ပြောပါတယ်။

ချောင်းဦးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “လေကြောင်းတိုက်ခိုက်မှုတွေက ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာရယ်၊ အခု နောက်ပေါ်လာတဲ့ အသေခံ ဒရုန်းတွေနဲ့ ကြဲတာ များတယ်ဗျ။ လေယာဉ်နဲ့လည်း လာကြဲတယ်ဗျ။ တော်လှန်ရေးသမားတွေ နေရာတွေထက် သာမန်အရပ်သားတွေနဲ့ စစ်ရှောင်တွေရဲ့ နေရာတော်တော်များများပဲ အကြဲခံရတာ များတယ်။ တိုက်ပွဲမရှိလည်း လာကြဲနေတာ။ ဒီစစ်ရှောင်စခန်းတွေတို့၊ ကလေးတွေ စာသင်တဲ့နေရာတွေတို့ အများဆုံး လာကြဲတာ” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်တွေဘက်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာတွေကို ပစ်ချခဲ့တဲ့ ဖြစ်စဉ်တချို့ ရှိခဲ့ပေမဲ့ တော်လှန်ရေးတပ် အများစုမှာ လက်နက်လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

ယင်းမာပင်ခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြေပြင်ကနေ လှမ်းပစ်လို့ ရနိုင်တဲ့ဟာက ကျနော်တို့ဘက်မှာတော့ နည်းသေးတယ်ဗျ။ သာမန် လက်နက်ခဲယမ်းနဲ့ကျ ဂျိုင်ရိုကော်ပတာတို့ ပါရာမော်တာတို့ကို ထုချလို့မရဘူး။ ပွိုင့် ၅ တို့နဲ့မှ ထုချလို့ရတာ။ သူတို့ လေကြောင်းတိုက်ခိုက်မှုကတော့ တော်တော်လေး ခြိမ်းခြောက်မှု ပေးတယ်ဗျ။ မြေပြင်က လာတာက နည်းတယ်။ အခုနောက်ပိုင်းတော့ မြေပြင်ကနေလည်း တောက်လျှောက်လာနေတယ်၊ လေကြောင်းကနေလည်း နေ့ကော ညကော တိုက်နေတာပဲ” လို့ ပြောပါတယ်။

အရပ်ဘက်သုတေသနအဖွဲ့တခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ် ဇန်နဝါရီကနေ မတ်လအထိ အင်ဂျင်တပ် လေထီးအသုံးပြု တိုက်ခိုက်မှုဖြစ်စဉ် ၅၈ ခု ရှိခဲ့ပြီး တိုက်ခိုက်မှုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးကာ ၅၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်အာဏာရှင်တပ်က အင်ဂျင်တပ်လေထီး အသုံးပြု တိုက်ခိုက်မှုတွေကို မကွေးတိုင်းမှာ အများဆုံး ကျူးလွန်ထားပြီး စစ်ကိုင်းတိုင်းနဲ့ ပဲခူးအရှေ့ပိုင်း၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တွေမှာလည်း အသုံးပြု တိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တပ်ဟာ ဒီ ၃ လအတွင်း နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၆၇ ကြိမ် ပြုလုပ်ထားပြီး တိုက်ခိုက်မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄၅၉ ယောက် သေဆုံးခဲ့ရသလို ၆၀၀ ကျော် ဒဏ်ရာရခဲ့ကာ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ ပျက်စီးခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၃ လအတွင်းမှာ အကြိမ်ရေ ၁၂၀ ထိ ရှိခဲ့သလို မကွေးတိုင်းက ၆၇ ကြိမ်၊ တနင်္သာရီနဲ့ ကရင်မှာ ၄၇ ကြိမ် ရှိခဲ့ကာ ကျန် တိုင်းနဲ့ပြည်နယ်တွေလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဉာဏ်လင်းသစ်က ထုတ်ပြန်ပါတယ်။

လတ်တလောမှာလည်း စစ်အာဏာရှင်တပ်ဟာ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကချင်ဒေသတွေကို မြေပြင်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ တော်လှန်ရေးရဲဘော်တချို့နဲ့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013