
သရဖူပြန်သိမ်းခံထားရတဲ့ အာရှပစိဖိတ်အလှမယ်ဆုရှင်ဟောင်း မေမြတ်နိုးက သူ့ကို တောင်ကိုရီးယားနိုင်ငံ Asia Pacific World မယ်ပြိုင်ပွဲစီစဉ်ကျင်းပတဲ့အဖွဲ့က တရားဝင်တောင်းပန်မှသာ ဒေါ်လာ ၁ သိန်းတန် သရဖူပြန်အပ်မယ်လို့ ပြောကြားလိုက်ပါတယ်။
အလှမယ်သရဖူ ရုပ်သိမ်းခံရမှုနဲ့ ပတ်သက် ပြီး နိုင်ငံတကာ မီဒီယာတွေ ကနေ ပြစ်တင်ဝေဖန်ရေးသားချက်တွေ အမျိုးမျိုး ထွက်ပေါ်နေချိန်မှာ အာရှပစိဖိတ် အလှမယ်ဆုရှင်ဟောင်း မေမြတ်နိုးက ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့တာပါ။
[caption id="attachment_64020" align="alignright" width="300"]
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - ထွန်းထွန်းသိန်း)[/caption]
မြန်မာအလှ မယ် မေမြတ်နိုး ရဲ့ သရဖူကို ပြန်လည် ရုပ်သိမ်းကြောင်း Miss Asia Pacific World က ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပြီး အဲဒီထုတ်ပြန်ချက် မှာတော့ မေမြတ်နိုး ဟာ မိခင်အဖွဲ့အ စည်းနဲ့ နေရှင်နယ် ဒါရိုက်တာ၊ မန်နေဂျာ၊ မီဒီယာနဲ့ ပရိသတ်တွေကို လိမ်လည်ပြီး မလေးမစားလုပ်ဆောင်ခဲ့တဲ့အပြင် ဒေါ်လာ၁ သိန်းတန်တဲ့ သရဖူကိုလည်း ပြန်မအပ်ပဲ ခိုးယူသွားတယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။
အလှမယ်မေမြတ်နိုး ကတော့ ဒီစွပ်စွဲချက်တွေကို မဟုတ်မှန်ကြောင်း ပယ်ချခဲ့ပြီး ထုတ်ပြန်ကြေညာခဲ့တဲ့ ကိုရီးယားနိုင်ငံ Asia Pacific World အဖွဲ့ဘက် က ပြန်တောင်းပန်မှ သရဖူပြန်ပေး မယ်လို့ ပြောကြားခဲ့ပါတယ်။
"ကိုရီးယားနိုင်ငံက ဒီသရဖူကို နိုင်ငံတကာ က ဒိုင်တွေ ကိုခေါ်ပြီး သေသေ ချာချာရွေးထားတဲ့၊ စည်းမျဉ်းစည်း ကမ်းအတိုင်း ရွေး ထားတဲ့ဟာကို သမီးအနေနဲ့ ဒီကိုရီးယား organization (အဖွဲ့အစည်း) ကိုပဲ ပြန်အပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကိုရီးယား organization က မေမြတ်နိုးက ဒီသရဖူကို ခိုးပြီးတော့ ပြန်သွားပါတယ်ဆိုတာကို တောင်းပန်တာ လိုချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက် တောင်းပန်စာ ပေးမှသာ မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေအရှေ့မှာပဲ ဒီသရဖူကို ပြန်ပေးမယ်လို့ ပြောချင်ပါတယ်။"
ဒါ့အပြင် သူမအနေနဲ့ ကိုရီးယားနိုင်ငံမှာ ခန္ဓာကိုယ်တခုလုံး ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ကုသမှုလုပ်ဖို့ အခိုင်းခံရပြီး အနုပညာ အလုပ်ဆက်လုပ်ဖို့ စပွန်ဆာရှာဖို့အတွက် စည်းရုံးတာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အလှမယ်မေမြတ်နိုးရဲ့မိခင် ဒေါ်စန်းစန်းထွေးကတော့ မြန်မာနိုင်ငံကို မေမြတ်နိုး ပြန်လာချိန်မှာ မီဒီယာနဲ့ တွေ့ဆုံခွင့်၊ အခမ်းအနားတွေ တက်ရောက်ခွင့်တွေအတွက်လည်း ကိုရီးယား နိုင်ငံAsia Pacific World ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာတွေက ပိတ်ပင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
မေမြတ်နိုးဟာ ပြီးခဲ့တဲ့ မေလက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ အာရှပစိဖိတ် အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူဆုရရှိခဲ့တာဖြစ်ပြီး ဒါဟာ မြန်မာအလှမယ်တွေ နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ရရှိခဲ့တဲ့ ဆုတွေထဲမှာ အမြင့်မားဆုံးဆုလည်း ဖြစ်ပါတယ်။
ဒီသြဂုတ်လထဲမှာ မြန်မာမယ်တွေဖြစ်တဲ့ Miss supranational 2013 သရဖူရှင် ခင်ဝင့်ဝါ သရဖူပြန်လည်ရုပ်သိမ်းခံလိုက်သလို ထားထက်ထက်လည်း အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာမှုမရှိတဲ့တွက် သရဖူ လွှဲပြောင်းခွင့် ပိတ်ခံခဲ့ရပါတယ်။
အသံဖိုင်နားဆင်ရန်











