DVB Logo
Home
မြန်မာသတင်း
အီးယူအစည်းအဝေးများတွင် မြန်မာစစ်အုပ်စုအား ဖယ်ရှားပေးရန် အဖွဲ့အစည်း ၃၅၀ ကျော် တောင်းဆို
DVB
·
February 22, 2024
အီးယူအစည်းအဝေးများတွင် မြန်မာစစ်အုပ်စုအား ဖယ်ရှားပေးရန် အဖွဲ့အစည်း ၃၅၀ ကျော် တောင်းဆို
Donate to DVB

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကျင်းပတဲ့အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုတွေ အားလုံးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို ဖယ်ကြဉ်ထားဖို့ Justice For Myanmar (JFM) အဖွဲ့နဲ့ Blood Money Campaign အဖွဲ့တွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၃၅၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အီးယူနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမြင့်ဆုံးအဆင့် ကိုယ်စား လှယ်တွေဟာ မြန်မာစစ်ကောင်စီကိုယ်စားလှယ် ဦးစိုးလင်းဟန်နဲ့ အစည်းအဝေးတွေ၊ ပွဲတွေ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွေမှ ဥရောပကော်မရှင်ဒုတိယဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် ဂျိုးဆက်ဘော်ရဲလ်ဖွန်တဲလ်စ် နဲ့ ဥရောပလွှတ်တော်ဥက္ကဋ္ဌ ရော်ဘတ်တာမတ်ဆိုလာ တို့အပါအဝင် အီးယူ အဖွဲ့ ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို အစိုးရ ကိုယ်စားလှယ်တဦး အဖြစ် ပြောဆိုဆက်ဆံခဲ့ပုံပေါ်ပြီး ဒါကို စစ်အုပ်စုက သတင်းမှားတွေ ဖြန့်ဝေဖို့အတွက် အခွင့်အရေးတရပ်အဖြစ် အသုံးချခံရဖွယ်ရှိနေတယ်လို့ ဖေဖော်ဝါရီ ၂၀ ရက် နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် အဆိုပါ အစည်းအဝေးတွေအကြောင်း အစီရင်ခံစာတွေထဲမှာ စစ်တပ် ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံတွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်မှုကိစ္စတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အီးယူ-အာဆီယံအစည်းအဝေးတွေမှာတော့ အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘာတွေပြောကြားခဲ့တယ်၊ ဒါမှမဟုတ် အီးယူနဲ့ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေက စစ်အုပ်စု ကိုယ်စားလှယ်ဘက်က ပေးအပ်တဲ့ အချက်အလက်တွေအပေါ် မေးခွန်း ထုတ်တာ၊ တန်ပြန်ထောက်ပြတာတွေ ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ လည်း ဆိုပါတယ်။

နိုင်ငံခြားအစိုးရတွေ၊ အီးယူ၊ အာဆီယံတို့လို အစိုးရအဖွဲ့အစည်းတွေက မြန်မာစစ်ကောင်စီကို အစိုးရတရပ်လို ထိတွေ့ဆက်ဆံတဲ့အခါ မြန်မာပြည်သူတွေအတွက် သိသာထင်ရှား တဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေကိုယ်စား ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေ၊ မြန်မာစစ်အုပ်စုကို တရားဝင်ဖြစ်စေဖို့နဲ့ အစိုးရတရပ်အဖြစ် ပုံပေါ် လာစေဖို့ သူတို့ရဲ့ တရားမဝင်ကြိုးပမ်းမှုတွေကို ကူညီပေးတာတွေ၊ တိုင်းပြည်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ တရားမဝင် ကြိုးပမ်းမှုတွေမှာ ကူညီပေးတာတွေ၊ စစ်အုပ်စုကို အကြမ်းဖက်မှုတွေ အရှိန်မြှင့်ဖို့နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထပ်မံကျူးလွန်ဖို့ ရဲဆေးတင်ပေးတာတွေ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံသားတွေကို သူတို့ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြှောက်ထားတဲ့ ခေါင်းဆောင်တွေက ကိုယ်စားပြုကြောင်း သေချာစေဖို့ အီးယူက အရေးယူဆောင်ရွက်ရမှာ ဖြစ်ပြီးတော့ ပထမအဆင့်အနေနဲ့ အီးယူဟာ ဘရပ်ဆဲလ်မြို့က မြန်မာသံရုံးကို စစ်အုပ်စု ထိန်းချုပ်မှုအောက်မှာ ရှိနေသရွေ့ ဖိတ်စာတွေကို အဆိုပါသံရုံးဆီ မပေးပို့သင့်ဘူးလို့လည်း ဖော်ပြပါတယ်။

အလားတူ အီးယူ အဖွဲ့ဝင်နိုင်ငံတွေကလည်း သူတို့ရဲ့ မြို့တော်တွေမှာ စစ်အုပ်စု ထိန်းချုပ်မှုအောက်က မြန်မာနိုင်ငံ သံရုံးတွေဆီ အစည်းအဝေးနဲ့ ပွဲတွေကို ဖိတ်ကြားခြင်း မပြုသင့်ဘူးလို့ ပြောထားပါတယ်။ 

နိုင်ငံတကာ ဆွေးနွေးပွဲတွေ အားလုံးအတွက် မြန်မာနိုင်ငံသားတွေရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ မှန်ကန် သင့်လျော်တဲ့ ကိုယ်စားလှယ်တွေဟာ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) ဖြစ်ပြီးတော့ ဒီအိတ်ဖွင့်ပေးစာကို မိတ္တူပေး ပို့ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ဆီ ဒါမှမဟုတ် [email protected] သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဝဘ်ဆိုဒ် တွေကတဆင့် ဆက်သွယ်နိုင်ဖို့လည်း တိုက်တွန်းထားတာပါ။

အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အစိုးရအဖြစ် ဟန်ဆောင် ရပ်တည်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းဆီက တရားဝင်မှုကို ရယူဖို့ ကြိုးပမ်းအားထုတ်မှုကို ကန့်သတ်ဖို့နဲ့ မြန်မာပြည်သူတွေ ထိုက်တန်တဲ့ နိုင်ငံတကာပံ့ပိုးကူညီမှုတွေ သေချာစွာ ရရှိစေဖို့ အီးယူရဲ့ အရေးယူဆောင်ရွက်မှုတွေကို မြင်တွေ့နိုင်ဖို့ မျှော်လင့်ထားပြီး တုံ့ပြန်မှုကို စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013