DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များကို စစ်ကောင်စီက အဓမ္မ စစ်မှုထမ်းခိုင်း
DVB
·
February 21, 2024
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များကို စစ်ကောင်စီက အဓမ္မ စစ်မှုထမ်းခိုင်း
Donate to DVB

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတယ်လို့ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ရိုဟင်ဂျာအသိုက်အဝန်းက ပြောပါတယ်။

စစ်ကောင်စီက ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူမြို့တွေက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေက အသက် ၁၈ နှစ်ပြည့်တဲ့ ရိုဟင်ဂျာ လူငယ်တွေ အကုန်လုံးကို စာရင်းကောက်ခံပြီး ပြည်သူ့စစ်ဖွဲ့ခိုင်းတဲ့အပြင် စစ်မှုပါ ထမ်းခိုင်းနေတယ်လို့ ရခိုင်ပြည်နယ်တွင်း လူမှုသဟဇာတဖြစ်ရေးအတွက် လုပ်ကိုင်နေတဲ့ ကျောက်ဖြူမြို့နယ်မှ ရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။

“ကျောက်တလုံးစခန်းထဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေး၊ လဝက၊ ရဲမှူးတွေအပြင် စစ်ကောင်စီတပ်ရဲ့ ၃၄ တပ်ရင်းမှူးနဲ့ ဗျူဟာမှူးတွေ ရောက်လာပြီးတော့ စခန်းတခုလုံးကို အစည်းအဝေးခေါ်တယ်။ အသက် ၁၈ နှစ်ကနေ အသက် ၅၂ အထိရှိတဲ့ လူတွေအကုန်လုံးကို စာရင်းကောက်ပြီးတော့ နိုင်ငံသားတွေဖြစ်တဲ့အတွက် မဖြစ်မနေ စစ်မှုထမ်းရမယ်။ မြို့နယ်လုံခြုံရေးအတွက် ကျောက်ဖြူက ခမရ ၅၄၂ မှာ ပထမအပတ်မှာ လူ ၁၅၀ တက်ရမယ်၊ ဒုတိယအကြိမ်မှာ ၂၀၀၊ တတိယအကြိမ်မှာ ၂၅၀ အဲလိုမျိုး စစ်သင်တန်း နှစ်ပတ်တက်ရမယ်လို့ အစည်းအဝေးမှာ ပြောသွားတယ်။”

ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “ဒီနိုင်ငံမှာ နေကြတဲ့အတွက် ဒီနိုင်ငံသားတွေ ဖြစ်ကြတယ်။ စစ်မှုထမ်းကိုထမ်းရမယ်။ စစ်မှုထမ်းရင် မိသားစုတွေကိုပါ ထောက်ပံ့ပေးမယ်။ မထမ်းချင်လို့ ထွက်ပြေးလို့ရှိရင် မိသားစုဝင်တွေပါ ထောင်ချလိုက်မယ်ဆိုပြီး ခြိမ်းခြောက်ထားတာတွေရှိတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့အပြင် အရေးပါတဲ့ ဗျူဟာကုန်း၊ စခန်းတွေ၊ တပ်တွေနဲ့ မြို့တွေ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို စစ်တပ်ထဲ အတင်းအဓမ္မ ဆွဲသွင်းပြီးတော့ ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေကြားမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ ပဋိပက္ခအသွင်ဖြစ်အောင် တမင်တကာ ဖန်တီးနေပါတယ်။

ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်ကနေ ရိုဟင်ဂျာတွေကို ခြိမ်းခြောက်ပြီးတော့ စစ်တပ်ထဲ ဆွဲသွင်းနေတာကြောင့် ကြောက်ရွံ့ထိတ်လန့်နေပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ရိုဟင်ဂျာအသိုက်အဝန်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) ဘက်ကနေ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူယှဥ်တွဲနေထိုင်နိုင်အောင် လူမျိုးရေး သဟဇာတဖြစ်ရေးအတွက် အဓိက လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက အခုလိုမျိုး ရိုဟင်ဂျာတွေအပေါ် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ လုပ်ဆောင်နေတဲ့အပေါ် တုံ့ပြန်ချက်ရရှိဖို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသန်းကို ဆက်သွယ်ခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်နဲ့အတူ ရခိုင်လူမျိုးတွေကိုပါ လူမျိုးရေးပဋိပက္ခဖြစ်အောင် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့နယ်တွေမှာပါ စစ်ကောင်စီဘက်က ဝါဒဖြန့်နေပြီး ရခိုင်လူမျိုးတွေကို အဓိကထား ဖမ်းဆီးစစ်ဆေးနေပါတယ်။

ရခိုင်ဒေသက ရန်ကုန်၊ မန္တလေးတို့မှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေနဲ့ ကျောင်းသားလူငယ်တွေကိုလည်း လေဆိပ်မှာပါ ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ ပြုလုပ်နေပါတယ်။

လက်ရှိ မြန်မာစစ်တပ်ဟာ ရခိုင်ဒေသတွင်းမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပေါ်ပေါက်အောင် ၂၀၁၂ ခုနှစ်က တကြိမ်၊ ၂၀၁၇ ခုနှစ်က တကြိမ် ပြုလုပ်ခဲ့ပြီးတော့ ရခိုင်ဒေသတွင်းမှာ မတူကွဲပြားတဲ့ လူမျိုးတွေ အတူယှဉ်တွဲ မနေထိုင်နိုင်အောင် ဘာသာရေး လွတ်လပ်ခွင့်၊ ယဥ်ကျေးမှု လွတ်လပ်ခွင့်တွေကို ခွဲခြားနေပြီး အစဉ်တစိုက် ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013