DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲတွင် စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲချ၊ သီလရှင်ကျောင်း၊ ဆေးရုံနှင့် မြို့မဈေးပျက်စီး 
DVB
·
February 21, 2024
ရမ်းဗြဲတွင် စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲချ၊ သီလရှင်ကျောင်း၊ ဆေးရုံနှင့် မြို့မဈေးပျက်စီး 
Donate to DVB

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲချပြီး တိုက်ခိုက်ခဲ့တာကြောင့် မြို့နယ်ဆေးရုံ အပါအဝင် စျေး၊ သီလရှင်ကျောင်းနဲ့ လူနေအဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရမ်းဗြဲမြို့ကို စစ်ကောင်စီအနေနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေတာဖြစ်ပြီး မနေ့က မနက်အစောပိုင်းတည်းက ဂျက်ဖိုက်တာနဲ့ ဗုံး ၃ ကြိမ် လာရောက်ကြဲချခဲ့သလို နေ့ခင်းပိုင်းမှာလည်း ပေါင် ၅၀၀ ဗုံးကြဲသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ပြောစရာစကားမရှိအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာပါ။ မနေ့က နေ့လယ်ပိုင်းမှာ လာကြဲသွားတဲ့ဗုံးသံက တော်တော်ကြီးကိုကျယ်တယ်။ တမြို့လုံး ကုန်သလောက်လည်း ဖြစ်နေပါပြီ။ အခု ဆေးရုံပါ ပျက်စီးသွားပြီဆိုတော့ အရေးအကြောင်းဆို ဘယ်မှာသွားပြီး ဆေးကုရတော့မလဲ။”

ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁ နာရီ မိနစ်  ၂၀ လောက်က ဂျက်ဖိုက်တာက ဗုံး ၃ ကြိမ်တိုင် ကြဲချခဲ့လို့ ရမ်းဗြဲမြို့၊ အမှတ် ၃ အင်းတောင်ရပ်ကွက်က သီလရှင်ကျောင်းတဆောင်မှာ မီးလောင်ပျက်စီးခဲ့ပါတယ်။

မနေ့ နေ့လယ် ၂ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်တစီးနဲ့ ပေါင် ၅၀၀ ဗုံး ရမ်းဗြဲမြို့မဈေးနဲ့ မြို့မဆေးရုံ အနီးဝန်းကျင်ကိုလည်း ၂ ကြိမ်တိုင် လာရောက်ကြဲချခဲ့တာလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့ကတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီအသုံးပြုတဲ့ ဖျက်အားပြင်းဗုံးမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ကြဲချခဲ့တဲ့ဗုံးနဲ့မတူဘဲ အသံပိုကျယ်လောင်တာ၊ ပေါက်ကွဲအားပိုပြင်းထန်တာ၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့တွေနဲ့ ရောသွားတဲ့ မြေမှုန့်တွေမှာလည်း မြေပြင်မှ အထက် ပေ ၁၀၀ ကျော်ခန့်အထိ တက်ခဲ့​တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ရမ်းဗြဲမြို့မှာ အခုလပိုင်းအတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဌာနဆိုင်ရာအဆောက်အဦ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ လူနေအိမ် အဆောက်အဦပေါင်း ၁,၀၀၀ နီးပါးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ရက္ခိုင့်တပ်တော်ဟာ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို တခုပြီးတခု သိမ်းပိုက်နေပြီး တခုမကျန်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေသလို လတ်တလောမှာတော့ မင်းပြားမြို့နယ်၊ ကမ်းနီရွာနားက စစ်ကောင်စီရဲ့ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ထိုးစစ်ဆင်နေပြီး တခြားစခန်းတချို့ကိုလည်း စတင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ခုခံစစ်၊ ခွာစစ်ကလွဲလို့ ရွေးချယ်စရာမရှိဘဲ အထိုင်စခန်းတွေကို အသည်းအသန် ခုခံကာကွယ်နေရပြီး ခံနိုင်စွမ်းအား ကျဆင်းလာနေတာကြောင့် အေအေ အတွက်သာမက စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတိုင်းအတွက် မဟာအခွင့်အရေးဖြစ်သလို ဒါကို အမိအရဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ထုတ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013