DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်အမြစ်ဖြတ်ရန်နှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် ACNFC တိုက်တွန်း 
DVB
·
February 21, 2024
စစ်အာဏာရှင်အမြစ်ဖြတ်ရန်နှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် ACNFC တိုက်တွန်း 
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့ ဝောာ်လှန်ရေးအဖွဲ့ အားလုံးရဲ့ အဓိကရည်ရွယ်ချက်က စစ်အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ဖြစ်တယ်လို့  အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (ACNFC)က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်‌‌က ကျရောက်တဲ့ ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (ACNFC) ရဲ့ အထွေထွေအတွင်းရေးမှူးက ဒီဗွီဘီကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့တတွေ အားလုံးရဲ့ ဘုံရည်ရွယ်ချက်က စစ်ထုတ်ကြည့်ရင် အဓိက နှစ်မျိုးပဲ ရှိပါတယ်။ အဲဒါက စစ်အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကြီး တည်ဆောက်ကြဖို့ပါပဲ။”

တိုင်းရင်းသား လက်နက်ကိုင် ဝောာ်လှန်ရေးးအဖွဲ့အစည်းတွေ အားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတာ ကြည့်ပြီး လေးစားဂုဏ်ယူရသလို မကြာမီ အောင်ပွဲရရှိအောင် အတူတကွ ကြိုးစားကြမယ်လို့ လည်းပြောပါတယ်။

ချင်းတိုင်းရင်းသားတွေအနေနဲ့လည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးတို့ကို အာမခံပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရရှိဖို့ ကြိုးစားရုန်းကန်လာခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီလို့  ဆိုပါတယ်။

၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ကို အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီ (ACNFC) က ပေးပို့တဲ့ သဝဏ်လွှာမှာလည်း အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီရဲ့ အဓိကမျှော်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် အရှိုချင်းလူမျိုးအားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

တိုက်သူကြီးတို့အုပ်ချုပ်သော စနစ်အောက်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ခဲ့တဲ့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

 ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ကိုတော့ အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီ အ‌နေနဲ့ လက်ရှိနိုင်ငံရေးအရ အားလုံးက မြေပြင်မှာ စုစည်းဖို့ မဖြစ်နိုင်တာကြောင့် အွန်လိုင်းကပဲ ကျင်းပခဲ့ကြောင်း အမျိုးသားနေ့မှာ အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီကနေ သိရပါတယ်။

၇၆ ကြိမ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်ပွဲတွေကို မြန်မာနိုင်ငံတွင်းမှာသာမက ထိုင်း၊ မလေးရှား၊ ဩစတြေးလျ၊ ကနေဒါနဲ့ အမေရိကန် စတဲ့ နိုင်ငံတွေမှာလည်း ပြည်ပရောက် ချင်းတိုင်းရင်းသားတွေ စုပေါင်း ကျင်းပခဲ့ကြပါတယ်။ 

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာတော့  Chin Social Association (မဲဆောက်) က ဦးဆောင်ပြီး ၇၆ ကြိမ်မြောက် ချင်းအမျိုးသားနေ့ပွဲကိုကျင်းပရာမှာ စုစုပေါင်း လူဦးရေ ၃၀၀ လောက် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲတွေ၊ ချင်းရိုးရာ အကတွေ၊ ကဗျာရွတ်ဆိုပွဲတွေလည်း ပါဝင်ခဲ့ကြပါတယ်။

ချင်းကလေးငယ်တွေ အပါအဝင် စစ်ပွဲတွေအတွင်းရှိ ကလေးအားလုံးအတွက် ဆုတောင်းပွဲ တခုကိုလည်း ကျင်းပသွားခဲ့ကြပါသေးတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်ကနေ‌ ၂၀ ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားညီလာခံကြီးကနေ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ထားခဲ့တာ ၇၆ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013