DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းပါက နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမည်ဟု ရိုဟင်ဂျာများကို  စစ်ကောင်စီတပ် စည်းရုံး
DVB
·
February 21, 2024
စစ်မှုထမ်းပါက နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမည်ဟု ရိုဟင်ဂျာများကို  စစ်ကောင်စီတပ် စည်းရုံး
Donate to DVB

စစ်မှုထမ်းတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးမယ်ဆိုပြီး စစ်ကောင်စီဘက်က ရိုဟင်ဂျာအသိုက်အဝန်းကို စည်းရုံးနေသလို အတင်းအကျပ် စစ်မှုထမ်းခိုင်းတာတွေလည်း ရှိနေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် နေရာအနှံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရက္ခိုင့်တပ်တော်(အေအေ)က  မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက် ဆင်နွှဲလာပြီး ပြည်နယ်ရဲ့ မြို့တော် စစ်တွေကိုပါ ခြိမ်းခြောက်နိုင်တဲ့ အနေအထားကို ရောက်ရှိလာပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲတွေမှာ အရေးနိမ့်လာတာကြောင့် စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ပြီး စစ်သားရေး စုဆောင်းတာတွေ လုပ်ဆောင်နေပါတယ်။

ရခိုင်ပြည်နယ်မှာတော့ စစ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက  ရိုဟင်ဂျာ အယောက် ၄၀၀ လောက်ကို ကျပ် ၅၀၀၀၀ တန်တဲ့ ဆန်တအိတ်စီပေးပြီး ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်သွားခဲ့သလို အေအေကလည်း သူတို့နဲ့ပူးပေါင်းဖို့ လာစည်းရုံးနေတာ ရှိတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တဦးက ပြောပါတယ်။

ဖေဖေါ်ဝါရီ  ၁၈ ရက်ကလည်း  စစ်တွေ လေဆိပ်က ရိုဟင်ဂျာ ၃၇ ယောက်နဲ့ ဒုက္ခသည်စခန်းက ၇ ယောက်တို့ကို ဖမ်းဆီးခဲ့တယ်လို့ စစ်တွေမြို့  အောင်မင်္ဂလာရပ်ကွက်နေသူတဦးက ပြောပါတယ်။

မောင်တောဘက်မှာလည်း  စစ်ကောင်စီက ဘာသာရေး ခေါင်းဆောင်တွေနဲ့ ကျောင်းဆရာတွေကိုခေါ်ပြီး  ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အတွက် တအိမ်တယောက် စစ်မှုထမ်းဖို့ တာဝန်ရှိတယ်လို့ ပြောဆိုပြီး အဲ့လိုထမ်းမယ်ဆိုရင် နိုင်ငံသားကတ် ထုတ်ပေးမှာဖြစ်ကြောင်း ခေါ်ယူပြောဆိုတာတွေ ရှိပါတယ်။ 

ရိုဟင်ဂျာခေါင်းဆောင်တွေက နိုင်ငံတကာခုံရုံးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း နေရတာကြောင့် နိုင်ငံတကာက စစ်မှုထမ်းဖို့ ဆုံးဖြတ်ပေးပါက အဲ့ဒီဆုံးဖြတ်ချက်အတိုင်းလိုက်နာဖို့ ဝန်မလေးကြောင်းနဲ့ လက်ရှိ ရိုဟင်ဂျာရွာတွေကိအခြေခံပြီး တိုက်ပွဲဖေါ်ဆောင်နေတာတွေကို ရပ်တန့်ပေးဖို့  စစ်ကောင်စီတာဝန်ရှိသူတွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့  ရိုဟင်ဂျာ ဗလီဆရာတယောက်က ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောရှိ ရိုဟင်ဂျာရွာတွေမှာ အေအေတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက်  ဖုံးညိုလိပ်၊ ဖရုံချောင်း၊ ညောင်ချောင်း၊ ဂူတာပြင်၊ ဆယ်ဦးကျ စတဲ့ကျေးရွာတွေက  အိမ်ပေါင်း ၂၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး  ရိုဟင်ဂျာ ၄၂ ယောက်သေဆုံးခဲ့ကာ ရိုဟင်ဂျာ  ၁၅၀၀၀ ကနေ ၂၀၀၀၀ အထိ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ Rohingya FDMN Representative Committee ကနေ သိရပါတယ်။

မင်းညို 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013