DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် ဖမ်းဆီးမှုများနေသဖြင့် အလုပ်ချိန်စောလွှတ်ပေးရန် အလုပ်ရှင်များကို PDF သတိပေး
DVB
·
February 21, 2024
ပုသိမ်တွင် ဖမ်းဆီးမှုများနေသဖြင့် အလုပ်ချိန်စောလွှတ်ပေးရန် အလုပ်ရှင်များကို PDF သတိပေး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လူငယ်တွေ မကြာခဏ ပျောက်နေတာကြောင့် အလုပ်သမားတွေ အိမ်ပြန်ချိန် နောက်မကျအောင် အလုပ်ရှင်တွေအနေနဲ့ ည ၈ နာရီထက်နောက်မကျဘဲ ပြန်လွှတ်ပေးဖို့ ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စာထုတ်သတိပေးထားပါတယ်။

ပုသိမ်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ည ၉ နာရီကျော်မှ အလုပ်ဆင်းလာတဲ့သူတွေကို စောင့်ဖမ်းပြီး ပိုက်ဆံနဲ့ ရွေး‌ခိုင်းသလို မရွေးနိုင်တဲ့သူတွေကို စစ်မှုထမ်းခိုင်းဖို့အတွက် ၂၇၁ တပ်ရင်းကို ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေ အဖမ်းမခံရဖို့အတွက် ည ၈ နာရီအထိသာ ခိုင်းစေဖို့အတွက် အသိပေးကာလ ၁ လသတ်မှတ်ထားပြီး မလိုက်နာပါက အရေးယူသွားမယ်လို့ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

"စစ်ကောင်စီတပ်သားတွေက ည ၉ နာရီကျော်တာနဲ့ အလုပ်သမားတွေကိုဖမ်းပြီး ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူတွေကို စစ်တပ်ထဲ ဝင်မလား၊ ထောင်ထဲ ဝင်မလားဆိုပြီး ရွေး‌ခိုင်းတယ်။ တော်တော်များများက ပိုက်ဆံလည်း မပေးနိုင် ထောင်ထဲလည်း မဝင်ချင်လို့ စစ်တပ်ထဲ ဝင်ကြရတာပေါ့။ အလုပ်သမားတွေက အလုပ်ရှင် ခိုင်းရင် ည ၁၀ နာရီပဲဖြစ်ဖြစ် လုပ်ကြရမှာဖြစ်တဲ့အတွက် သူတို့ကို ကာကွယ်နိုင်ဖို့ စာထုတ်ပြန်ခဲ့တာပါ။”

ပုသိမ်မြို့ ဘုရားကုန်း‌ကျေးရွာမှာ ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီကျော်က အလုပ်ကပြန်လာတဲ့ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။

ပုသိမ်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ထုတ်ထားပေမဲ့ ည ၉ နာရီနောက်ပိုင်း အလုပ်ပြန်လာတဲ့သူ အများအပြား ဖမ်းဆီးခံရတာတွေရှိနေပြီး ဖမ်းဆီးခံရတဲ့သူ အများစုဟာလည်း မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

"ညမထွက်ရအမိန့်နဲ့‌ ဖမ်းသွားတယ် ကြားလို့ အိမ်ကသူတွေ လိုက်ရင် အဆက်အသွယ်မရတော့ဘူး။ ပုသိမ်မှာက အရင်ကတည်းက အဲဒီလိုတွေဖြစ်နေလို့ အများစုက ည ၈ နာရီနောက်ပိုင်းဆို မထွက်ကြတော့ဘူး။ အိုဗာတိုင်ဆင်းတဲ့ အလုပ်သမားတွေလောက်ပဲ အဲဒီအချိန်ရှိတာ။ စစ်တပ်က ည ၉ နာရီနောက်ပိုင်း အပြင်မှာရှိနေတဲ့သူတွေနဲ့ မနက် ၄ နာရီနောက်ပိုင်း ဈေးသွားသူတွေကို အဓိကထား ဖမ်းတယ်။" 

ပုသိမ်မြို့ရှိ ကြံ့ခိုင်ရေးပါတီဝင်တွေကလည်း စစ်မှုမ‌ထမ်းမနေရ ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်‌ထဲဝင်ရမှာ ကြောက်လို့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013