DVB Logo
Home
မြန်မာသတင်း
တန့်ဆည်၊ အင်းတော်နှင့် ပုလောတွင် တိုက်ပွဲများဖြစ်၊ စစ်တပ်က လေကြောင်းပစ်ခတ်
DVB
·
February 21, 2024
တန့်ဆည်၊ အင်းတော်နှင့် ပုလောတွင် တိုက်ပွဲများဖြစ်၊ စစ်တပ်က လေကြောင်းပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာအနီး တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက ဖေဖော်ဝါရီ ၂၁ ရက် မနက် ၃ နာရီလောက်က စတင်ကာ လေကြောင်းကနေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “လေယာဉ်နဲ့ပစ်နေတာက မနေ့ကလည်း လာပစ်တယ်၊ ဒီနေ့လည်း ပစ်တယ်၊ အခုထိ ပစ်နေဆဲဗျ။ လေယာဉ်နဲ့လာပစ်တဲ့ တကြိမ်ကို လေယာဉ် ၂ စီးတတွဲနဲ့ကို ပတ်ပစ်တာ။ လေယာဉ်အမျိုးအစားတွေက ဂျက်ဖိုက်တာတွေ၊ တိုက်လေယာဉ်တွေဗျ။ အခုထိပစ်နေဆဲဆိုတော့ မြေပြင်အထိအခိုက်ကတော့ မသိရသေးဘူး။ ကျနော်တို့ ဒေသခံတွေကတော့ မနေ့ ဖေ‌ဖော်ဝါရီ ၂၀ ရက်နေ့ကတည်းက ထွက်ပြေးနေကြရတယ်။ ဘာကြောင့် အခုလို လေယာဉ်နဲ့ပစ်နေတာလဲဆိုတော့ မြေပြင်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်တာတော့ ရှိတယ်ဗျ။ စစ်ရေးအခြေအနေကတော့ ကျနော်တို့ အရပ်သားတွေ ဘာမှမသိရဘူး။ ပြောလည်းမပြောရဲဘူး” လို့ ပြောပါတယ်။

တန့်ဆည်မြို့နယ် ကံထူးမကျေးရွာမှာ စစ်ကောင်စီအထိုင်စခန်းတခုရှိပြီး အဆိုပါ အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတယ်လို့လည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ကျနော်တို့ စခန်းသိမ်းတိုက်ပွဲကို မနေ့ည ၁၁ နာရီကစပြီး တိုက်တယ်။ ညပိုင်းမှာ စစ်ကောင်စီဘက်က ကင်းထောက်ဒရုန်းတွေလွှတ်ပြီး တည်နေရာရှာတယ်။ မနက်ပိုင်းကျတော့ လေယဉ်တွေနဲ့ လာပစ်တယ်။ အကြိမ်အရေအတွက်နဲ့ဆိုရင် လေယာဉ်နဲ့ တခါလာပစ်တိုင်း လေယာဉ် ၂ စီးတွဲနဲ့ကို ပစ်တယ်။ ကျနော်တို့ ရှေ့တန်းသတင်းပေးပို့ချက်အရ ကံထူးမစခန်းကို သိမ်းထားနိုင်ပြီလို့ သိထားရတယ်။ ကျန်တဲ့ ထိခိုက်ကျဆုံး ပျက်စီးမှုသတင်းကတော့ ဘာမှမသိရသေးဘူး။ အခု ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ခင်း ၉ နာရီအထိ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနေဆဲ ဖြစ်တယ်” လို့ ပြောပါတယ်။

ကံထူးမရွာဟာ တန့်ဆည်မြို့နဲ့ ၁၀ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတခုလည်းရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီရဲစခန်းအတွင်း ဝင်ရောက်စခန်းသိမ်း ရှင်းလင်းရေး လုပ်ဆောင်နိုင်တယ်လို့ ပြောဆိုပေမဲ့ မြေပြင်တိုက်ပွဲ မပြီးဆုံးသေးတာကြောင့် ဒီဗွီဘီအနေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်သေဆုံးမှုကို သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်က အခုလို ဝင်ရောက် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားလမ်းဆုံအနီးမှာ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြို့နယ်ကနေ မော်လူးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူ ဒေသခံတဦးက “အင်းတော်ကနေ မော်လူးဘက်ကို စစ်တပ်ရယ်၊ ပျူစောထီးရယ် အင်အား ၁၀၀ ကျော်လောက် ခြေလျင်စစ်ကြောင်းထိုးလာတယ်။ အဲဒါ နဘားလမ်းဆုံနားမှာ ကေအိုင်အေနဲ့ အဖွဲ့က ကြားဖြတ်တိုက်ခိုက်တာ။ တိုက်ပွဲဖြစ်နေတုန်း အင်းတော်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ တိုက်ပွဲက သိပ်မကြာဘူး။ တနာရီခွဲလောက်ပဲ ကြာတယ်” လို့ ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့  ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကျောင်းသားတပ်မတော် (ABSDF)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် အင်းတော် နဘား ကားလမ်းကို ယာဉ်ဖြတ်သန်းသွားလာခွင့် နှစ်နာရီအကြာ ယာယီပိတ်ထားခဲ့ရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု တိတိကျကျ မသိခဲ့ရပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ တဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃ နာရီခွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက္ကူးကျေးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ အစည်းအဝေးလုပ်နေစဉ် စစ်ကောင်စီရဲ့ ပုလောအခြေစိုက် ၂၈၅ တပ်ရင်းက လက်နက်ကြီးနဲ့ ၂ ချက် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်တခု ရွာထဲမှာ ပေါက်ကွဲခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

အစည်းအဝေးသွားတက်ခဲ့တဲ့ ရွာသားတဦးက “ကျနော်တို့ ဘာပဲလုပ်လုပ် သူတို့ဘက်က လက်နက်ကြီးနဲ့ပစ်တယ်။ ကျနော်တို့ အစည်းအဝေး လုပ်နေတာ။ ခြိမ်းခြောက်မှုတခု ပေးလိုက်တာလို့ပဲ မြင်တယ်။ သူတို့ ဘယ်လောက်ပဲ ခြောက်ခြောက် ကျနော်တို့ လုပ်သင့်တာကိုတော့ လုပ်မှာပဲ” လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် တစုံတရာ ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပုလော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုလူမင်းက “စစ်ကောင်စီဘက်က လက်နက်ကြီးပစ်တာ သိပ်မထူးဆန်းဘူးလို့ ထင်တယ်။ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့လို့ ပစ်တာလည်း ရှိကောင်းရှိမယ်။ အလကားသက်သက်လည်း ပစ်ချင်ပစ်နေတယ်။ တိုက်ပွဲဖြစ်ရင်လည်း ပစ်တာပဲဆိုတော့ သူတို့ဘက်က လက်နက်ကြီးပစ်လို့ စိုးရိမ်နေတယ် ဆိုတာထက် ကိုယ်လုပ်စရာရှိတာကို မှန်မှန်လုပ်နိုင်ဖို့က ပိုအရေးကြီးတယ်” လို့ ပြောပါတယ်။

လက္ကူးကျေးရွာ အခြေအနေကို ရွာသားတဦးက “လက္ကူးရွာက စကစဘက်နဲ့ အနီးဆုံးနေရာဆိုပေမဲ့ အလုံခြုံဆုံးမဟုတ်ဘူးဗျ။ စကစဘက်ကလည်း မစိုးမိုးနိုင်သလို PDF ဘက်ကလည်း မစိုးမိုးနိုင်သေးဘူး” လို့ ပြောပါတယ်။

ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ဒေသလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013