DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီတပ်သားများက မီးရှို့ ဖျက်ဆီး 
DVB
·
February 21, 2024
ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီတပ်သားများက မီးရှို့ ဖျက်ဆီး 
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့သစ်၊ အလယ်စုနဲ့ ရွာသာယာ ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းနဲ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခမရ ၅၅၀ ထဲက စစ်ကောင်စီတပ်သားတွေဟာ ဖေဖော်ဝါရီ ၁၉ ရက်က လာရောက်ပြီးတော့ အလယ်စုရပ်ကွက်ကနေစပြီး မီးရှို့သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။ 

“မနေ့ ညနေကနေ မြို့ထဲကို စစ်သားတွေ ဝင်လာပြီး မီးစရှို့တာ။ အလယ်စုရပ်ကွက်တခုလုံးနီးပါး မီးလောင်ကုန်တယ်။ မြို့သစ်နဲ့ ရွာသာယာဘက်တွေပါ ဆက်လောင်နေတယ်။ မီးငြှိမ်းသတ်မယ့် သူကလည်း မရှိတော့ မီးကလောင်နေဆဲပဲ။ ဘယ်နှအိမ် ပါသွားတယ်ဆိုတာ ခုထိ မသိရသေးဘူး။”

ပုဏ္ဏားကျွန်းမြို့မှာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်း စတဲ့ ဆက်သွယ်ရေး ကွန်ရက်တွေအားလုံးကိုပါ ဖြတ်တောက်ထားတာကြောင့် မီးလောင် ပျက်စီးကုန်တဲ့ နေအိမ်အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ပုဏ္ဏားကျွန်းမြို့မှ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ လူငယ်တယောက်က ပြောပါတယ်။ 

“မီးလောင်နေတာကတော့ မနေ့ညကနေ လောင်နေတာ ဖြစ်တယ်။ သတင်းတွေ သိရသလောက်က မြို့သစ်နဲ့ အလယ်စုမှာ အတော်များများ မီးလောင်ကုန်ပြီလို့ သိရတယ်။ နေအိမ်အတိအကျနဲ့ ဘယ်သူ့အိမ်တွေ ပါသွားတယ်။ ဘယ်နေရာတွေမှာ ပါသွားတယ်ဆိုတာတော့ ဖုန်းလိုင်း အင်တာနက်တွေ ဖြတ်ထားလို့ အရေအတွက်ကို သိရဖို့ခက်နေတယ်။ မီးလောင် ပျက်စီးတာကို ငြှိမ်းသတ်ဖို့ သွားရောက်တဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီဘက်ကနေ ပစ်ခတ်တာတွေရှိလို့ မီးငြှိမ်းသတ်ဖို့အတွက် သွားရောက်မယ့်သူတွေ မရှိဘူး။ ”

စစ်ကောင်စီဘက်ကနေ အခုလိုမျိုး မီးရှို့ ဖျက်ဆီးရတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားတာကြောင့် အဆက်အသွယ်မရခဲ့ပါဘူး။ 

ပုဏ္ဏားကျွန်းမြို့မှာ နိုဝင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီ ရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် ပုဏ္ဏားကျွန်းမြို့မဈေးမှ ဈေးဆိုင်ခန်းတွေ အားလုံး မီးလောင်ကုန်ပြီး ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ခံရမှာ စိုးတဲ့အတွက် နိုဝင်ဘာလကတည်းက ဘေးလွတ်ရာကို ရှောင်တိမ်းနေပါတယ်။ 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနဲ့အမျှ အရှုံးနဲ့  ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပြည်သူတွေကို အဓိကပစ်မှတ်ထားနေပြီးတော့ ပြည်သူတွေ ပိုင်ဆိုင်တဲ့ နေအိမ် အဆောက်အဦတွေနဲ့ ကျောင်း၊ ဆေးရုံ၊ ဈေး၊ သာသနိကအဆောက်အဦတွေအပြင် သမိုင်းဆိုင်ရာ အထောက်အထားတွေကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013